မန္တလေး အိုးဘိုအကျဉ်းထောင်မှ အကျဉ်းကျခံနေသော တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဖြင့် အောင်မြင်သူ ၅ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေး

မန္တလေး အိုးဘိုအကျဉ်းထောင်မှ အကျဉ်းကျခံနေသော တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဖြင့် အောင်မြင်သူ ၅ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေး

ရန်ကုန်၊ သြဂုတ်လ ရ ။            ။ မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းကျခံနေသော တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်သူ ကျောင်းသူ၊ ကျောင်းသား ၅ဦးအား သြဂုတ်လ ရရက်၊ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးလိုက်ပြီဖြစ်သည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် မန္တလေး အိုးဘိုအကျဉ်းထောင်မှ  ၅ ဦးမှာ ၂၀၁၆ -၂၀၁၇ ပညာ သင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးဖြင့် အောင်မြင်သူများဖြစ်ပြီး ဂုဏ်ထူး တစ်ဘာသာဖြင့် အမျိုးသား ၄ ဦး အောင်မြင်ခဲ့ပြီး ဂုဏ်ထူး ၃ ဘာသာဖြင့် အမျိုးသမီးတစ်ဦးအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်လည်း တကယ်ဝမ်းသာတာပေါ့ဗျ။ ဒီကလေးတွေကို ဒီနေ့ နိုင်ငံတော်သမ္မတကနေပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တဲ့အတွက်ကို။ ဒါကြောင့် ကျွန်တော်တို့ ဒီနေ့ မနက်ပိုင်းမှာပဲ ကလေးတွေကို အခမ်းအနားနဲ့ သူတို့သက်ဆိုင်ရာ မိဘတွေဆီကို ပြန်လည်အပ်နှံပေးခဲ့ပါတယ်။ ဒီကလေးတွေက ဘဝမှာ အောင်မြင်ဖို့အတွက် တိုးတက်လမ်းတွေ ရှိတဲ့အတွက်ကြောင့် သူတို့ ကြိုးစားခွင့်ရအောင် နိုင်ငံတော်က ချီးမြှောက်လိုက်တာလည်းဖြစ်ပါတယ်”ဟု မန္တလေး အိုးဘိုအကျဉ်းထောင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းက ပြောသည်။

ထိုသို့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများမှာ မူးယစ်ဆေးဝါးမှု၊ လူသတ်မှုစသည့် ပြစ်မှုများဖြင့် အကျဉ်းကျခံနေရသူများဖြစ်ပြီး ၎င်းတို့ အနေဖြင့် ပြစ်ဒဏ် ၂ နှစ်ခန့်အထိသာ အကျဉ်းကျခံပြီးနောက် ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများဖြစ်ကြောင်းသိရသည်။

မန္တလေး အိုးဘိုအကျဉ်းထောင်ရှိ စာစစ်ဌာနမှာ ၂၀၁၆ -၂၀၁၇ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခွင့်ရရှိခဲ့သည့် စာစစ်ဌာနဖြစ်ပြီး အဆိုပါ အကျဉ်းထောင်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အကျဉ်းသား ၁၁ ဦးဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ အကျဉ်းသား ၁၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ရ ဦးမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပြီး အဆိုပါ ရ ဦးထဲမှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် ၅ ဦးမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးဖြင့် ထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့သူများဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly