မပြီးဆုံးသေးသော သမိုင်းစာမျက်နှာ(သို့မဟုတ်) ရှစ်လေးလုံးလူထုအရေးတော်ပုံ အပိုင်း (၁)

မပြီးဆုံးသေးသော သမိုင်းစာမျက်နှာ(သို့မဟုတ်) ရှစ်လေးလုံးလူထုအရေးတော်ပုံ အပိုင်း (၁)
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

သွေးနဲ့ရေးခဲ့ရတဲ့ မော်ကွန်းတွေ၊ အသက်နဲ့ရင်းခဲ့ရတဲ့ သမိုင်းစာမျက်နှာတွေဟာ ဘယ်တော့မှ ဖျောက်ဖျက်လို့ မရတဲ့ သူရဲကောင်းတို့ရဲ့ သမိုင်းအက္ခရာတွေပဲ ဖြစ်ပါတယ်။

မြန်မာ့သမိုင်းက နယ်ချဲ့စနစ်ဆန့်ကျင်ရေး၊ တစ်ပါတီအာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စတဲ့အရေးတော်ပုံတွေထဲမှာ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ဆင်နွှဲခဲ့တဲ့ ရှစ်လေးလုံးအရေးတော် ပုံကြီးကလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။

မဆလ အစိုးရရဲ့ ဖိနှိပ်မှုတွေနဲ့ အထွေထွေကြပ်တည်းမှုတွေကို မခံမရပ်နိုင်ဖြစ်ပြီး လူထုတစ်ရပ်လုံး အုံးအုံကြွပ်ကြွပ် ပါ၀င်ဆင်နွှဲခဲ့တဲ့ သမိုင်းဝင်ရှစ်လေးလုံးအရေးတော်ပုံကြီးကတော့ လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ဆိုရင် ၂၉ နှစ်တိုင်တိုင် ရှိခဲ့ပါပြီ ဖြစ်ပါတယ်။

ဒီအရေးတော်ပုံကြီးဟာ အရောင်အသွေးစုံလင်လှတဲ့ တော်လှန်ရေးပန်းချီကားကြီးတစ်ချပ်လို့ ဆိုလာသူကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ မွေးဖွားပေးခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဦးကိုကိုကြီးပါ။

ဦးကိုကိုကြီး (၈၈ မျိုးဆက် ကျောင်းသားဟောင်း)

ကျွန်တော်ကတော့ ဘယ်လို ဥပမာ ပေးလဲ ဆိုတော့ ဆေးရောင်စုံ မြင်ကွင်းကျယ် ပန်းချီကားချပ်ကြီး အဲတော့ ဒီကားချပ်ကြီးဟာ ဘယ်သူ့ ဘယ်ပန်းချီပါ ဘယ်ပါတီ ဘယ်အဖွဲ့ရဲ့ ပန်းချီပါ မပြောသင့်တဲ့ ပန်ချီကားချပ်ကြီး အဲတော့ ပါဝင်တဲ့ သူတွေက ဆေးအစက်ပျောက်လေးတွေလို့ ပြောရမှာပေါ့။ ကိုယ်တိုင်လည်း မြင်ကွင်းကျယ် ပန်းချီကားချပ်ကြီးထဲမှာ အစက်အပျောက်တစ်ခု အနေနဲ့ ပါဝင်ခဲ့တာပါလို့ ဒါလေးတော့ ပဏာမ ပြောချင်ပါတယ်။

ဒီလိုမျိုး အသက်၊ သွေး၊ ချွေး ပေါင်းများစွာနဲ့ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံ ပန်းချီကားကြီး ဘာ့ကြောင့် ပေါ်ပေါက်ခဲ့ရတာလဲ။ သမိုင်းသင်ခန်းစာကရာ ဘာတွေဖြစ်မလဲ။

အရိုင်း(လူရွှင်တော်၊သရုပ်ဆောင်)

အင်မတန်မှ သမိုင်းကြီးမားတဲ့ အဆောက်အအုံကြီးကို ဒီလို ဖြိုခွင်း ဖျက်စီးပစ်တယ်ဆိုတဲ့ စိတ်တွေက အဲမှာ ကျွန်တော်တို့က အကုန်ပေါက်ကွဲကြပြီပေါ့ဗျာ။ ရှင်းရှင်းပြောရရင် ဘယ်သူမှန်တယ်။ ဘယ်သူမှားတယ်လို့ ကျွန်တော့်မှာ တာဝန်ရှိတယ်။ ကျွန်တော်မှာ တာဝန် မရှိဘူးဆိုတာတွေကို ကျွန်တော်တို့ ကျောင်းသားတွေက လက်ခံမှာ မဟုတ်ဘူး။ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ တာဝန်ခံမှုပေါ့။ ခေါင်းဆောင်တစ်ယောက်ဟာ လက်အောက်ငယ်သားတွေကပဲ လုပ်လုပ် ကျန်တဲ့ ဘယ်သူပဲ လုပ်လုပ် ခေါင်းဆောင်းကောင်း ပီသရင်တော့ ငါလုပ်တယ်ကွာ လို့ပဲ ပြောကြမှာပဲ။ တာဝန်ခံမှုပေါ့ဗျာ။ အဲတာဝန်ခံမှု မရှိတာကြီးကို ကျွန်တော် ယနေ့ထိတိုင်အောင် မကျေလည်တာပဲ။

ဦးမင်းဇေယျ (၈၈ မျိုးဆက်ကျောင်းသား)

ကျွန်တော်တို့ တောင်းဆိုတာ ရိုရိုးရှင်းရှင်းလေး အချက် နှစ်ချက်ပဲ။ ဒီ သေသွားတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်ပြီးတော့ အဖြစ်မှန်ဖော်ထုတ်ပေးဖို့လည်း တကယ်တမ်း အပြစ်ရှိတဲ့သူကို တရားဥပဒေအတိုင်း အရေးယူပေးဖို့ ဒါက တစ်ချက် နောက်တစ်ချက်က ကျောင်းသား သမဂ္ဂကို တရားဝင်ဖွဲ့စည်းခွင့် ပေးဖို့ ဒီ နှစ်ချက်ပဲ။ ကျုပ်တို့စိတ်ထဲမှာ ဒါဟာ ကျောင်းသားတွေ အနေနဲ့ ကျောင်းသားဆိုက်ကနေပြီးတော့ တကယ့်ကို ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို တရားသောနည်းနဲ့ တောင်းတာ။ အဲလိုပဲ ခံယူတယ်။ အခုလည်း ဒီအတိုင်းပဲ ခံယူတယ်။ ဒါပေမယ့် အဲဒီမှာ သူက ဖြေရှင်းပုံ ဖြေရှင်းနည်းနဲ့ တုန့်ပြန်တဲ့ နည်းတွေက တော်တော်လေးကို နိုင်ငံသား တစ်ယောက်အနေနဲ့ပဲ ကြည့်ကြည့် ကျောင်းသား တစ်ယောက်အနေနဲ့ပဲ ကြည့်ကြည့် အရမ်းကို လွန်ကဲလွန်းလို့ ပေါက်ကွဲတာပေါ့ဗျာ။ အဲဒီက စလိုက်တဲ့ ဇာတ်လမ်းပေါ့နော်။ ၁၉၈၈ မတ်လ ၁၃ ရက်နေ့ကတည်းက စလိုက်တဲ့ ဇာတ်လမ်းဟာ အခုအချိန်ထိ မပြီးသေးတဲ့ ပန်းချီကား တစ်ချပ်လိုပေါ့နော်။

ဦးကိုကိုကြီး (၈၈ မျိုးဆက် ကျောင်းသားဟောင်း)

ရှစ်လေးလုံးမှာ အဓိက တောင်းဆိုချက်က ဒီမိုကရေစီ ရရှိရေး ဒို့အရေးပေါ့။ ဒါဟာ နိုင်ငံရေးအရ အရေးပါဆုံးနှင့် အထင်ရှားဆုံး လူထုရဲ့ ရင်ထဲက ပေါ်ထွက်လာတဲ့ အသံပေါ့။ အဲတော့ ဒီမိုကရေစီ ရရှိရေးလို့ ပြောရင် ကျွန်တော်တို့က ဘာတွေ ပါလာလဲဆိုတော့ နိုင်ငံရေး စနစ်ပေါ့။ အဲဒီ အချိန်တုန်းက တစ်ပါတီ ဆိုရှယ်လစ် စနစ် ဆိုတော့ အခြားပါတီတွေ ရပ်တည်ခွင့် မရှိဘူး။ နောက်တစ်ခုက တစ်ပါတီထဲ ဖြစ်တဲ့ အတွက်ကြောင့် အဲဒီ အစိုးရ မှားတယ် မှန်တယ်ဆိုတာကို ထောက်ပြ ဝေဖန်မယ့် ထိန်းညှိမယ့် နိုင်ငံရေး အင်အားစုလည်း မရှိဘူး။ ဆိုတော့ အဲဒါကြောင့်မို့လို့ အစိုးရကိုယ်၌က သူရဲ့ အခြေအနေကို သူကိုယ်တိုင်ကို အချိန်မိ သိရှိနိုင်တဲ့ ပြင်ဆင်နိုင်တဲ့ အခြေနေကို မရောက်ခဲ့ဘဲနဲ့ နောက်ဆုံး အုံကြွ ပေါက်ကွဲတဲ့ အခြေအနေထိ ရောက်ခဲ့တယ်။

ဒေါ်နှင်းနှင်းမွှေး(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

နှစ်ပေါင်းများစွာ ကျွန်မတို့တွေကို ဖိနှိပ်ခဲ့တာတွေကို တော်လှန်နိုင်ဖို့ ကျွန်မတို့ ရဲရဲဝံ့ဝ့ံ ဆောင်ရွက်ခဲ့ကြပါတယ်။ အဲလိုလေးနဲ့ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။  အာဏာသိမ်းမှု ဖြစ်ပွားပြီး နောက်နေ့ စက်တင်ဘာက ၁၉ ရက်နေ့မှာ ရန်ကုန်တစ်မြို့လုံးဟာ စစ်မြေပြင်လိုပဲ စစ်တပ်က စစ်သားတွေက သေနတ်တွေမှာ လှံစွပ်တွေ တပ်ပြီးတော့ ရန်ကုန်တစ်မြို့လုံးမှာ  ရှိတဲ့ သပိတ်စခန်းတွေကို ဝင်ရောက်စီးနင်းပြီးတော့ ဖျက်စီး ဖြိုခွဲခဲ့ပါတယ်။

၁၉၆၂ ခုနှစ်ကစပြီး အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ မဆလ တစ်ပါတီအစိုးရ လက်ထက်မှာ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို မိုင်းခွဲဖျက်ဆီးခဲ့သလို ဦးသန့်အရေး အခင်းအပါဝင် လူထုအရေးတော်ပုံတွေကိုလည်း အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် ၊ ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးကိုလည်း အာဏာရှင်အစိုးက ဘယ်လိုဖြိုခွင်းခဲ့သလဲဆိုတော့...

ဦးမင်းဇေယျ (၈၈ မျိုးဆက်ကျောင်းသား)

ရှစ်လေးလုံး ကာလက တကယ်တမ်းပြောမယ်ဆိုရင် တကယ့် ရှေ့တန်း စစ်မြေပြင် လက်နက်မဲ့နဲ့ လက်နက်ရှိနဲ့ လက်နက်ကိုင်နဲ့ လက်နက်မကိုင်နဲ့ တိုက်တဲ့ ရှေ့တန်းစစ်မြေပြင် ငါတို့ကိုယ်တိုင် ကြံုတွေ့ခဲ့ရတဲ့ ငရဲခန်းတွေ ငါတို့ကိုယ်တိုင် မြင်ခဲ့ရတဲ့ သွေးလွှမ်းနေတဲ့ လမ်းတွေ၊ အဆောက်အအုံတွေ နောက် တကယ့် သေလုခမန်း ပြေးခဲ့ လွှားခဲ့တာတွေ နောက် ငယ်သံပါအောင် အော်ဟစ် ငိုကြွေးနေတဲ့ မြင်ကွင်းတွေ အများကြီး အများကြီးပေါ့နော်။ အဲတာကလည်း အပြင်မှာရော ထောင်ထဲမှာရော တောထဲမှာရော အများကြီးပဲ အဲတော့ ကိုကိုယ်တိုင်လည်း ကိုယ့်ရှေ့မှာ သေတဲ့သူတွေ တွေ့ဖူးသလို ကြားခဲ့တာလည်း အများကြီးပဲ။ နောက်ကိုယ်လည်း ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် ကံကောင်းလို့ မသေလို့ ကျန်နေခဲ့တာ။

ကိုသန်းအောင်(၈၈ မျိုးဆက်ကျောင်းသား)

အဖြူနဲ့ အစိမ်း ဝတ်ထားတာ ရှိတယ်။ အခြား အဖြူအစိမ်း မဟုတ်ဘဲနဲ့ ကျောင်းသားတွေ ရှိတယ်။ တစ်ချို့ဆိုရင် ကျွန်တော်က ကိုးတန်းဖြစ်တဲ့ အတွက် အဲဒီအချိန်မှာ ရှစ်တန်းကို အပြင်ဖြေနေတဲ့ ကျောင်းသား ကလေးတွေ ရှိတယ်။ ဆိုတော့ ကျွန်တော်တို့နဲ့ ရွယ်တူတွေပေါ့။ သူတို့တွေဆိုရင် ကျောင်းသားတွေနဲ့ ပါလာကြတယ်။ သူတို့ ထိတယ်။ မှန်တယ်။ ဒါပေမယ့် သေသလား ပျောက်သလား မသိဘူး။ ထိချက်ကတော့ တော်တော်များတယ်။ မြောက်ဥက္ကာဆေးရုံမှာ အပြည့်ပဲ။ ဒါပေမယ့် သေဆုံးတဲ့ သူတွေလည်း ရှိတယ်။ သူတို့ ကောက်သွားတာတွေလည်း ရှိတယ်။ ကျွန်တော်တို့ထဲမှာ ကျွန်တော်တို့ မြင်ခဲ့ရတာတော့ ကျော်ဘုန်းဆိုတဲ့ ကျောင်းသားတစ်ယောက်ကတော့ ကျွန်တော်တို့ ရှေ့မှာတင် ကျတယ်။ ဒါ ရေစင်ပေါ်က ပစ်လို့ နွယ်နီထိပ်နားမှာ ကျွန်တော်တို့ ကျတယ်။ နောက် အာဏာသိမ်းပြီး ၁၈ ရက်နေ့ နောက်ပိုင်းမှာ မြောက်ဥက္ကလာမှာ အဆိုးရွားဆုံး ပစ်တယ်။ အဲဒီမှာ အင်အားဘယ်လောက်လောက် မှန်းမလဲဆိုရင် အကုန်လုံး ရှိတာ မှန်းမယ်ဆိုရင် ကျွန်တော်တို့ အလောင်းဟာ ကျွန်တော်တို့ ကောက်လို့ မရပါဘူး။ အဲဒီ အချိန်ခါက သူတို့က တပ် အာဏာသိမ်းတယ် ဆိုပြီးတော့ စစ်သား အလုံးအရင်းနဲ့ ကျွန်တော်တို့ မြို့ထဲကို ဝင်လာတဲ့ အတွက် ပြည်သူတွေ မပြောနဲ့  ကျွန်တော်တို့ ကိုယ်တိုင် ဘေးကနေ ကောက်ခွင့် မရှိဘူး။ ကျွန်တော်တို့လည်း ပြေးရလွှားရပါတယ်။ အဲတော့  ကျွန်တော်တို့ မြင်တာကတော့ ဆယ်ဂဏန်းလောက် ရှိတယ်။ ဆယ်ဂဏန်းဆိုတာ သုံးလေးဆယ်လောက် ရှိမယ်လို့ ကျွန်တော်တို့ မှန်းတယ်။ ကျည်ထိထားပြီးတော့ အခုလက်ရှိ အသက်ရှင်နေတဲ့ သူတွေလည်း ရှိတယ်။ ကျည်ထိထားပြီး သေဆုံးသွားတဲ့ သူတွေလည်း ရှိတယ်။

အရိုင်း(လူရွှင်တော်၊သရုပ်ဆောင်)

၄၂ ယောက် အလုံပိတ်ပြီးတော့ ကားကြီးနဲ့ အင်းစိန်ကို မောင်းသွားပြီးတော့ ဟိုလည်း ရောက်ရော ဖွင့်လိုက်ရော လူတွေက မွန်းကျပ်ပြီးတော့ သေသွားတဲ့ သူတွေ အဲထဲမှာ အဲကောင် ပါသွားတာပဲ။ ဒါဟာ ကျွန်တော်တို့ရဲ့ မျိုးမကင်းသော ကလေးတစ်ယောက်ရဲ့ ရင်နင့်ဖွယ်ရာ ယနေ့ထက်တိုင်အောင် အဲကလေးက တကယ်သေတာလား တကယ်မသေဘူးလား အဲဒီမိဘက မသိတော့ဘူး။ ကျွန်တော်သည်ပင်လျှင် အသက် ၅၈နှစ် ရှိပြီ အဲအချိန်တုန်းက ကျွန်တော့်အသက် ရှိရင် ၂၈နှစ်ပေ့ါ။ ဒီလို သေပုံသေနည်းဟာ လူသားတစ်ယောက်ရဲ့ ဘဝ ဘယ်တိုင်းပြည် ဘယ်နိုင်ငံ ဘယ်လူမျိုးမှာပဲ ရှုရှု ဒီလိုသေနည်းမျိုး သေရတယ်ဆိုတာ ကောင်းသော သေခြင်းလား မကောင်းသော သေခြင်းလား စောက်ကျိုးနည်းတဲ့ နည်းလမ်းလားဆိုတာတော့ ရိုးရိုးလေးပဲ စဉ်းစားရင်ကို အဖြေက ပေါ်ပါတယ်။

ဒေါ်နှင်းနှင်းမွှေး(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

အဲလို ဖြိုခွဲတဲ့ အချိန်မှာ ကျွန်မတို့ သာကေတမြို့နယ်မှာ ရှိတဲ့ ကျောင်းသာသမဂ္ဂ အဆောက်အအုံထဲမှာ ကျွန်မတို့က သာကေတမြို့လည်ခေါင်မှာ ရှိတဲ့ အဆောက်အအုံတစ်ခုပေါ့နော်။ အဲအဆောက်အအုံမှာ ကျောင်းသားသမဂ္ဂ ဆိုင်းဘုတ်တပ်ထားပါတယ်။ အဲဒီ စစ်သားတွေ ချီတက်လာတဲ့ အချိန်မှာ ကျွန်မတို့က ကျောင်းသား သမဂ္ဂ အဆောက်အအုံထဲမှာ ကျွန်မနှင့် နောက်ထပ် ကျောင်းသား လေးငါးဆယ်ယောက်လောက် ရှိပါတယ်။ အဲဒီရဲဘော်တွေကို သူတို့က အကုန်လုံး လှံစွပ်တပ်ထားတဲ့ သေနတ်တွေနဲ့ ချိန်ပြီးတော့ ကျွန်မတို့ကို ထိုင်ခိုင်းပါတယ်။ ထိုင်ပြီးတော့ ကျွန်မတို့ရဲ့ အထွဋ်အမြတ်ထားတဲ့ ကျောင်းသားသမဂ္ဂကို ဖြုတ်ချပြီးတော့ စစ်ဖိနပ်နှင့် တက်နင်းပါတယ်။ စစ်ဖိနပ် တက်နင်းပြီးတော့ ကျောင်းသားသမဂ္ဂအလံကိုလည်း ဖြုတ်ချပြီးတော့ လှံစွပ်နဲ့ ဖြဲပစ်လိုက်ပါတယ်။ အဲလို လုပ်ခြင်းဟာ သူတို့က ကျွန်မတို့ရဲ့ အညံမခံတဲ့ ဒီမိုကရေစီ စိတ်ဓာတ်ကို ဦးချိုးနိုင်လိမ့်မယ်လို့ ယူဆကောင်း ယူဆလိမ့်မယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ စိတ်ထဲမှာ ကျွန်မတို့ရဲ့ ယုံကြည်ရာ ဖျက်ဆီးလိုက်ခြင်းဟာ သူတို့ထင်သလိုမျိုး ပျက်စီးသွားတာမဟုတ်ဘဲနဲ့ ကျွန်မတို့ ဒီမိုကရေစီအရေးအတွက် ဆက်လက်ပြီး တိုက်ပွဲဝင်ရအုံးမယ်။ စစ်အာဏာရှင်စနစ်ကြီး ကမ္ဘာမြေပေါ်မှာပျက်သုဉ်းသွားသည်အထိ တိုက်ပွဲဝင်ကြရအုံးမယ်ဆိုတာကို ကျွန်မတို့ ရင်ထဲမှာ ခိုင်ခိုင်မြဲမြဲ ရှိခဲ့ပါတယ်။

ရှစ်လေးလုံးရဲ့တောင်းဆိုသံတွေ၊ ရှစ်လေးလုံးရဲ့ စိတ်ဓာတ်တွေ၊ ရှစ်လေးလုံးညီညွတ်မှုတွေကတော့ ဒီကနေ့ အထိ ရှင်သန်နေတုန်းပါပဲ။ ဒီလို ရင်းနှီးပေးဆပ်မှုကြီးမားလွန်းလှတဲ့ လူထုအရေးတော်ပုံကြီးကနေ ဘာတွေ ပြန်ရခဲ့ပါသလဲ။ အရေးတော်ပုံကြီးက ပြီးဆုံးခဲ့ပြီလား။ လူထုတိုက်ပွဲက သူရဲကောင်းတွေရဲ့ အိပ်မက်တွေက ဒီကနေ့မှာ အပြည့်အဝ အကောင်အထည်ဖော်နိုင်ခဲ့ပြီလား။ ဒီမေးခွန်းတွေကို ကျွန်တော်တို့ ထပ်မေးကြည့် ရအောင်ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly