ရခိုင်ရေဘေးသင့်များအတွက် ALP အပါအဝင် အဖွဲ့သုံးခုက ကယ်ဆယ်ရေး ပစ္စည်းများလှူဒါန်း

ရခိုင်ရေဘေးသင့်များအတွက် ALP အပါအဝင် အဖွဲ့သုံးခုက ကယ်ဆယ်ရေး ပစ္စည်းများလှူဒါန်း
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ထခွဲ လ(၁) ကျောင်းဆောင်အား ရေနစ်မြုပ်ပြီးသည့် မြင်ကွင်း။ (ဓာတ်ပုံ- DNJ)

ရန်ကုန် သြဂုတ် ၉ ။       ။ ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များမှ ရေဘေးသင့် ပြည်သူများကို ကျပ်သိန်း ၃၀၀ တန်ဖိုးရှိသည့် အသုံးအဆောင်ပစ္စည်းများအား ALP (ရခိုင် လွတ်မြောက်ရေးပါတီ)  ၊ RWU (ရခိုင်အမျိုးသမီးများအစည်းအရုံး) နှင့် ၊ Rainbows Foundation တို့က သြဂုတ်လ ၉ရက်တွင် သွားရောက် လှူဒါန်းသည်ဟု ALP အထွေထွေ အတွင်းရေးမှုးဒေါ်စောမြရာဇာလင်း ကမဇ္ဈိမကိုပြောသည်။

ALP ၊ RWU ၊ Rainbows Foundation တို့က ပြည်တွင်းနှင့် ပြည်ပမှလှူဒါန်းကြသည့် ငွေကျပ် သိန်း ၃၀၀ဖြင့်  မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော်မှ ရေးဘေးသင့်ပြည်သူများအတွက် ဆန်၊ ငရုတ်၊ ဆား၊ ကြက်သွန်၊ မီးခြစ်၊ အမျိုးသမီးအသုံးဆောင်ပစ္စည်းများကို သွားရောက်လှူဒါန်းခြင်းဖြစ်သည်။

ဒေါ်စောမြရာဇာလင်းက  "ရခိုင်မြို့ပေါ်လောက်ပဲ လှူတဲ့သူတွေများနေတယ် ကျေးရွာတွေမှာ မရောက်ဘူး။ တစ်ချို့ ရေကြီးနေရင်းပဲ မီးဖွားနေရတာတွေရှိနေတယ်လို့ လှမ်းပြောကြတယ်" ဟု ဆိုသည်။

ဇူလိုင်လနောက်ဆုံးအပတ်မှ စတင်ခဲ့သည့် မိုးသည်းထန်မှုနှင့်အတူ ဘင်္ဂလားပင်လယ်အော်မှ ကိုမန်မုန်တိုင်း အဖျားခတ်ဝင်ရောက်မှုကြောင့် ရခိုင်၊ မကွေး၊ စစ်ကိုင်း၊ ချင်း၊ ပဲခူး၊ ဧရာဝတီအပြင် အခြား တိုင်းနှင့် ပြည်နယ် တို့တွင်ရေကြီး၊ မြေပြို၊ လေထန်မှုများဖြစ်ပေါ်ကာ အိမ်ထောင်စု ၁၅၀၀၀ အထက် ပျက်ဆီးဆုံးရှုံးပြီး၊ အိမ်ထောင်စု ၆သိန်းခန့် သဘာဝဘေးဒဏ်ကို ခံစားခဲ့ရသည်။

ဇူလိုင်လ နောက်ဆုံးအပတ်မှ စတင်ခဲ့သည့် ယင်းသဘာဝဘေးဒဏ်ကြောင့်  လူဦးရေ ၉၆ဦး အထိ အသက်ဆုံးရှုံး ခဲ့သည်ဟု ကုလသမဂ္ဂ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာညှိုနှိုင်းရေးရုံး ကထုတ်ပြန် ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly