ပင်းတယ ရွှေဥမင်ဒေသကို မြန်မာ့ပထမဆုံးဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် ကမ္ဘာကို ကြေညာ

ပင်းတယ ရွှေဥမင်ဒေသကို မြန်မာ့ပထမဆုံးဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် ကမ္ဘာကို ကြေညာ
(ဓာတ်ပုံ- ဒေါက်တာသန်းမင်းထွဋ် ဖေ့စ်ဘုတ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့က ရွှေဥမင်ဒေသကို မြန်မာနိုင်ငံ၏ ပထမဆုံးဆေးလိပ်ငွေ့ ကင်းစင်ဒေသအဖြစ် ၂၀၁၇ခုနှစ်၊ သြဂုတ်လ ၆ရက်တွင် ကမ္ဘာကို ကြေငြာနိုင်ခဲ့ပြီဖြစ်သည်။

ရွှေဥမင်ဒေသကို ဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် ကြေညာသည့်အခမ်းအနားကို ရွှေဥမင်ဘုရားပရဝဏ်အတွင်း ကျင်းပခဲ့ပြီး ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာကြူတို့ တက်ရောက်ခဲ့သည်။

"၂၀၁၅ စက်တင်ဘာ (၁၀)ရက်နေ့မှာတော့ ရွှေဥမင်ဒေသကို ဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် စတင်ဆောင်ရွက်ခဲ့ကြပါတယ်။ (၂)နှစ်တာကာလအတွင်းမှာ ပရဟိတအဖွဲ့ (၂၁)ဖွဲ့က လူငယ်(၂၅၀၀)ကျော်ဟာ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ ဒီနေ့တော့ ရွှေဥမင်ဒေသကို ဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် ကမ္ဘာကို ကြေညာနိုင်ခဲ့ပါပြီ။" ဟု ပင်းတယပြည်သူ့ဆေးရုံအုပ် ဒေါက်တာသန်းမင်းထွဋ်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ယခုကဲ့သို့ ဆေးလိပ်ကင်းစင်ဇုန်တစ်ခု ပေါ်ပေါက်ရေးအတွက် ၂၀၁၅ခုနှစ်၊ မေလတွင် ဖိလစ်ပိုင်၌ကျင်းပခဲ့သည့် 3rd Asean Smoke Free Regional Workshop မှတစ်ဆင့် မြန်မာနိုင်ငံက ပုဂံ၊ အင်းလေးနှင့် ပင်းတယရွှေဥမင်ဒေသကို Smoke Free ဒေသအဖြစ် ကြေညာရန် ကတိကဝတ် ပြုခဲ့ကြခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ South East Asia Tobacco Control Alliance (SEATCA)၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း၊ ပင်းတယပရဟိတကွန်ရက်အဖွဲ့တို့ တိုင်ပင်ညှိနှိုင်းကာ ကြိုးပမ်းခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly