ကရင်ရိုးရာ ၀ါခေါင်လချည်ဖြူဖွဲ့(လက်ချည်)မင်္ဂလာပွဲ

ကရင်ရိုးရာ ၀ါခေါင်လချည်ဖြူဖွဲ့(လက်ချည်)မင်္ဂလာပွဲ

ကရင်လူမျိုးတို့၏ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို နှစ်စဉ်ဝါခေါင်လပြည့်နေ့ ရောက်တိုင်း ကရင်လူမျိုးများနေထိုင်ရာ နေရာဒေသအနှံ့အပြားတွင် ရိုးရာမပျက်ကျင်းပလျှက်ရှိပြီး ထိုကဲ့သို့ကျင်းပရာတွင် ကရင်လူမျိုးတို့၏ အမြတ်တနိုး ထိန်းသိမ်းသော ရိုးရာဓလေ့အနက် ချည်ဖြူဖွဲ့မင်္ဂလာပြု လုပ်ခြင်း တစ်ခု အပါအဝင် ဖြစ်ပေသည်။

ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့အရ လက်ချည်ခြင်း သုံးမျိုးရှိကာ ထိမ်းမြားမင်္ဂလာလက်ချည်ခြင်း၊ ဆွေမျိုးသားချင်းများ သေဆုံးပြီးသည့်အခါ လိပ်ပြာခေါ် လက်ချည်ခြင်းနှင့် ၀ါခေါင်လလက်ချည်ခြင်း တို့ဖြစ်ကြပြီး လက်ချည်ခြင်းသုံးမျိုးကို ကျင်းပရာတွင် အချိန်အခါမတူကြပေ။

ကရင်လူမျိုးတို့သည် စုပေါင်းနေထိုင်ခြင်း၊ စုပေါင်း၍လုပ်ကိုင်စား သောက်ခြင်းနှင့် ကြံုတွေ့ရသော ဘေးအန္တရာယ်ကို စုပေါင်း၍ တွန်းလှန်ကာကွယ်လေ့ရှိသလို ဝါခေါင်လရောက်လျှင်ကရင်လူမျိုး အိမ်ထောင်စု တိုင်း  ဝတ္တရားမပျက် လက်ချည်ကြလေသည်။ ဝါခေါင်လတွင် တစ်ရွာလုံး တစ်နယ်လုံးစုပေါင်း၍ လက်ချည်ခြင်း ဖြစ်ရာ ဝါခေါင်လ လက်ချည်ပွဲဟူ၍ ခေါ်ဝေါ်သမုတ်ကြသည်။

ဝါခေါင်လရောက်လျှင် ကွဲကွာနေသောဆွေမျိုးများ ပြန်လည်တွေ့ဆုံတွေ့သည့်အခါ ချည်ဖြူဖြင့် ရစ်ပတ် ချည်နှောင်၍ အမှတ်အသားဖြစ်ရေး၊ မိသားစုများပြန်လည်စုစည်းရေး၊ အချင်းချင်းချစ်ကြည်သွေးစည်းမှု ခိုင်မြဲစေရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကားပြုနိုင်ရေး ဦးတည်ချက်များဖြင့် ရည်ရွယ်၍ စုပေါင်းကာလက်ချည်ပွဲမင်္ဂလာကို ပြုလုပ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

ကရင်လူမျိုးများသည်တောင်ယာနှင့်လယ်ယာကို အဓိကထား၍ အသက်မွေးဝမ်းကျောင်း ပြုလုပ်ကြပြီး မိုးဦးကျချိန်တွင် တောင်ယာနှင့်လယ်လုပ်ငန်းကို သူသူငါငါလုံးပမ်းနေချိန်တွင် တစ်ဦးနှင့်တစ်ဦး အိမ်ထောင်စု တစ်စုနှင့်တစ်စု၊ တစ်ရွာနှင့်တစ်ရွာတွေ့ဆုံနိုင်ရန် မလွယ်ကူတော့ချေ။ လယ်များကို ထွန်ယက် စိုက်ပျိုးပြီးသည့် ယခုလိုဝါခေါင်လတွင် ခေတ္တအားလပ်ကြ၍ အချင်းချင်းတွေ့ဆုံနိုင်ရန် အကောင်းဆုံးအချိန် ဖြစ်သောကြောင့် စုပေါင်းမင်္ဂလာလက်ချည်ခြင်းကို ဝါခေါင်လတွင် ရွေးချယ်၍ ကျင်းပလေ့ရှိကြောင်း သိရသည်။

ထို့အပြင် ရှေးကရင်အဘိုးအဘွားများ၏ ယူဆချက်အရ မကောင်းဆိုးဝါးများ၏လိပ်ပြာကို မောင်းထုတ် ပြီး မိမိတို့ခန္ဓာကိုယ်တွင်ရှိသော ကောင်းသောလိပ်ပြာကို မလွင့်အောင် ချည်ဖြူဖြင့် လက်မှာ ချည်နှောင်ထားပြီး ဆံဖြူ၊ ခါးကုန်းသည်အထိ ကိုယ်နှင့်မကွာအောင် ဆုတောင်းမေတ္တာပို့သခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

ချည်ဖြူဖွဲ့ပွဲတွင် ပါ၀င်သည့်ပစ္စည်း ခုနှစ်မျိုးရှိသည်။ ငှက်ပျော်သီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နုတ် ပန်းညို၊ ချည်ဖြူ၊ ရေ၊ ကြံပိုင်း စသည့်ပစ္စည်းများဖြစ်သည်။ပစ္စည်းတစ်ခုချင်းစီ၏ ဂုဏ်သတ္တိများအလိုက် ကရင် တိုင်းရင်းသားတို့အား စုပေါင်းညီညာစွာ နေထိုင်စေလိုသည့် အဓိပ္ပါယ်များရှိနေပြီး ကရင်တိုင်းရင်းသားများအနေ ဖြင့် မွန်မြတ်သန့်ရှင်းသည့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ်အလာကောင်းကို ထိန်းသိန်းကြသည့်ပွဲတစ်ရပ် လည်း ဖြစ်ပေသည်။

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို ကျင်းပရာတွင် ရှေးဦးစွာကရင်ရိုးရာ ၀ါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ ဖြစ်ပေါ်လာပုံစာတမ်းကို ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာများဖြင့် ကရင်အမျိုးသား အမျိုး သမီးများက ဖတ်ကြားပြီးနောက် ကရင်ရိုးရာ ၀ါခေါင်လ လက်ချည်ပွဲတော်ကို ဦးဆောင်သည့် ပွဲတော်အကြီးအကဲ နှင့် အရန်နှစ်ဦး၊ ချည်ဖြူဖွဲ့ပေးမည့် အဘိုးအဘွား ခုနှစ်ဦးစီတို့က မြေးငယ်များကို ခြံရံကာ လက်ချည်ခံရသူသည် မိမိခေါင်းပေါ်သို့ လက်ချည်ပေးသူ၏ဆုတောင်းစကားကို ဦးထိပ်ပန်သည့် သဘောဖြင့် ပြုလုပ်စေပြီး လက်ဖဝါးဖြင့်ခံယူကာ ဆန်ကောပေါ်တွင် ပြန်ချထားလေသည်။

တစ်ဦးနှင့်တစ်ဦးချည်ပေးပြီး နောက်တွင်  လက်ချည်ပွဲအတွက်စီမံပြုလုပ်ထားသော လက်ချည်မင်္ဂလာ  ကောက်ညှင်းထုပ်ကို တပျော်တပါး စားသောက်ကာ ဝါခေါင်လ လက်ချည်ပွဲ ပြီးမြောက်သွားလေသည်။

ယခုနောက်ပိုင်းတွင် ချည်ဖြူဖွဲ့မင်္ဂလာပွဲကို ၀ါခေါင်လပြည့်နေ့ရောက်တိုင်း ကရင်လူမျိုးများမှ စုစုစည်း စည်း စုပေါင်ချည်ဖြူဖွဲ့မင်္ဂလာကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့ရှိပြီး ရိုးရာဓလေ့ကောင်းတစ်ခုကို အမြတ် တနိုး ထိန်းသိမ်းရာရောက်သဖြင့် မိမိနိုင်ငံ မိမိလူမျိုးတို့၏ ရိုးရာဓလေ့ကို ကာကွယ်ရာရောက်သည့်အပြင် ရှေးရိုးရာအစဉ်အလာများ မပျောက်မပျက်အောင် ကာကွယ်ထိန်းသိမ်းတတ်စေလာမည်မှာ အမှန်မလွဲဖြစ်ပေ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly