ဖြုတ်ချခံရသည့် အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီထောင်စာမစားနိုင် ဟုငြင်းဆန်

ဖြုတ်ချခံရသည့် အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီထောင်စာမစားနိုင် ဟုငြင်းဆန်
ဖြုတ်ချခံရသည့် အီဂျစ်သမ္မတဟောင်း မိုဟာမက် မော်စီ။ ဓာတ်ပုံ - google images

ကိုင်ရို၊ သြဂုတ် - ၉ ။          ။ ထောင်အစားအစာနှင့် ပတ်သက်၍ မကျေမနပ်ကန့်ကွက်ခဲ့ပြီးနောက် နှစ်နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ဖြုတ်ချခံရသော အီဂျစ်သမ္မတဟောင်း မိုဟာမက် မော်စီကို ၎င်း၏ တောင်းဆိုချက်အရ ကျန်းမာရေးဆေးစစ်ပေးရတော့မည်ဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာက သြဂုတ်လ ၈ရက်နေ့က ပြောကြားခဲ့သည်။

နိုင်ငံပိုင်သတင်းအေဂျင်စီ MENA ၏ သတင်းပို့ချက်အရ ဆီးချိုရောဂါရှိသည့် မော်စီက သူ့ကိုကျွေးသည့် ထောင်အစားအစာမှာ အလွန်ဆိုးရွားကြောင်း ပြောကြားခဲ့ပြီး သူ့အတွက် ဘေးမကင်းဟု ခံစားရသောကြောင့် ထောင်စာကို မစားရန် ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။

သို့ရာတွင် ထောင်အာဏာပိုင်များက ပြင်ပမှအစားအစာများကို ယူလာခွင့်ပြုရန် မော်စီ၏ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ကြသည်ဟု ဆိုသည်။

မော်စီမှာ လောလောဆယ်တွင် သမ္မတတာဝန်ထမ်းဆောင်စဉ်က နိုင်ငံတော်လျှို့ဝှက်ချက်များကို ကာတာသို့ ပေးအပ်ခဲ့မှုစွဲချက်များနှင့် ရင်ဆိုင်နေရပြီး အမှုကို စစ်ဆေးသည့် တရားသူကြီးက ကြားနာမှုကို သြဂုတ်လ၉ရက်နေ့အထိ ရွှေ့ဆိုင်းထားလိုက်ပြီး၊ မော်စီအား ဆရာဝန်နှစ်ယောက်က ကျန်းမာရေးစစ်ဆေးပေးရန် အမိန့်ထုတ်ပြန်လိုက်သည်။

ယခုအခါ ပိတ်ပင်ခံထားရသည့် မွတ်စလင်ညီနောင်များပါတီ၏ ခေါင်းဆောင်ပိုင်းအဖွဲ့ဝင်တစ်ဦးဖြစ်သည့် မော်စီမှာ ၂၀၁၂ခုနှစ်က ကျင်းပခဲ့သည့် ပထမဆုံး အပြိုင်အဆိုင်ရွေးကောက်ပွဲများတွင် သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်သည်။ သို့ရာတွင် ၂၀၁၃ခုနှစ်က ၎င်း၏အုပ်ချုပ်မှုအား ထုနှင့်ထည်နှင့် ဆန့်ကျင်ဆန္ဒပြစဉ်အတွင်း အီဂျစ်စစ်တပ်က မော်စီကို ရာထူးမှ ဖယ်ရှားပစ်ခဲ့သည်။

ထိုမှနောက်ပိုင်းတွင် အီဂျစ်အာဏာပိုင်များက အစ္စလာမ်မစ်များကို ဆက်တိုက်ဖြိုခွင်းလာခဲ့ရာ ရာပေါင်းများစွာ အသတ်ခံခဲ့ရပြီး ထောင်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ၂၀၁၁ခုနှစ်က ပုန်ကန်ထကြွမှုအတွင်း ထောင်ဖောက်မှုတစ်ခုအတွက် ယခုနှစ်အစောပိုင်းက ကိုင်ရိုရုံးတော်က မော်စီကို သေဒဏ်ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly