ဆာနေးနှင့် ဓာတ်ပုံတွဲရိုက်ခဲ့သောကြောင့် မန်စီးတီးနှင့် အမ်ဘတ်ပီ သတင်းများ ထွက်ပေါ်

ဆာနေးနှင့် ဓာတ်ပုံတွဲရိုက်ခဲ့သောကြောင့် မန်စီးတီးနှင့် အမ်ဘတ်ပီ သတင်းများ ထွက်ပေါ်

သြဂုတ် ၆၊ အင်္ဂလန် ။            ။ မိုနာကိုတိုက်စစ်မှူး အမ်ဘတ်ပီသည် မန်စီးတီးတောင်ပံကစားသမား ဆာနေးနှင့် မန်ချက်စတာမြို့တွင် ဓာတ်ပုံတွဲရိုက်ခဲ့သောကြောင့် မန်စီးတီးနှင့် အမ်ဘတ်ပီတို့၏ အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်လာခဲ့ရသည်။

ပြီးခဲ့သည့် သောကြာနေ့က တူးလော့စ်နှင့်ကစားခဲ့သော ပြင်သစ်လိဂ်အဖွင့်ပွဲစဉ်တွင် အမ်ဘတ်ပီသည် မိုနာကိုအသင်းအတွက် ပါ၀င်ကစားခဲ့ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကာ လူစားလဲခဲ့ရသည်။ သို့သော် စနေနေ့တွင် အမ်ဘတ်ပီသည် အရောင်းမြှင့်တင်ရေးပွဲတစ်ခုအတွက် မန်ချက်စတာမြို့သို့ ရောက်ရှိလာခဲ့သည်။

အမ်ဘတ်ပီနှင့် ဂျာမနီလက်ရွေးစင်ကစာသမား ဆာနေးတို့မှာ မည်သို့မျှ ဆက်ဆံရေးမရှိသည့်အတွက် ၎င်းတို့နှစ်ဦး အတူတကွ ဓာတ်ပုံတွဲရိုက်ခဲ့ခြင်းမှာ အားလုံးအတွက် အထူးအဆန်းဖြစ်လျက်ရှိသည်။

မန်စီးတီးအသင်းသည် ယခုနှစ်အပြောင်းအရွှေ့တွင် မိုနာကိုမှ ဘာနာဒိုဆေးလ်ဗားနှင့် မန်ဒီတို့ကို ခေါ်ယူထားပြီးဖြစ်သည်။ ဆေးလ်ဗား၊ မန်ဒီနှင့် အမ်ဘတ်ပီတို့မှာ ပြီးခဲ့သည့်ရာသီက မိုနာကိုအသင်း၏ အဓိက ကစားသမားများဖြစ်သည်။

 “ဘာမဆိုဖြစ်ပျက်သွားနိုင်ပါတယ်။ အခုအချိန်အထိ ကျွန်တော်တို့ စျေးကွက်ထဲမှာ ကစားသမားသစ် ရှာဖွေနေတုန်းပါ။ ကစားသမားအများအပြားရှိပါတယ်။ အမ်ဘတ်ပီကတော့ အခုအချိန်အထိ မိုနာကိုကစားသမားပါ” ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဆိုသည်။

မိုနာကိုအသင်းက အမ်ဘတ်ပီ၏စျေးကို ပေါင်သန်း ၁၆၀ သတ်မှတ်ထားပြီး ရီးယဲလ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိသည်။ ယခု မန်စီးတီးအသင်းက ကြားဖြတ်ခေါ်ယူတော့မည်ဟု သတင်းများက ရေးသားနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly