အဆုတ်နှင့် ရင်ခေါင်းအထူးကုဆရာဝန်ကြီးပါမောက္ခဦးဝင်းနိုင် နှင့် တွေ့ဆုံခြင်း အပိုင်း(၁)

.

4R Health Talk Episode (4), Part-1 (ကျန်းမာရေးရာအဖြေရှာအစီအစဉ်)

H1N1 ရာသီတုပ်ကွေးဘယ်လိုစဖြစ်သလဲ?

ပူပြင်းတဲ့ အညာဒေသတွေမှာကော H1N1 ကူးစက်နိုင်မလား?

လူထူထပ်တဲ့နေရာတွေသွားရင် ဘာလို့ H1N1 ကူးစက်နိုင်တာလဲ?

H1N1 ပိုးနဲ့ ၅ ပေအကွာ… ?

ဒါတွေကိုဒီတစ်ပတ် 4R Health Talk အစီအစဉ်မှာ အဆုတ်နှင့် ရင်ခေါင်းအထူးကုဆရာဝန်ကြီးပါမောက္ခဦးဝင်းနိုင်ရဲ့ တိုက်ရိုက်ဖြေကြားထားတာတွေကို ပြန်လည်ထုတ်လွှင့်ပေးလိုက်ပါတယ်။

အပိုင်း (၁)

မင်္ဂလာပါ မဇ္ဈိမပရိသတ်များ။ ကျွန်တော်တို့ အပတ်စဉ် တင်ဆက်ပေးနေကြ4R Health Talk ကျန်းမာရေးရာ အဖြေရှာ အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျ။ ဒီနေ့မှာတော့ အထူးအစီအစဉ် အနေနဲ့ H1N1 ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီးတော့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဒီ Episode ကတော့ အထူးအစီအစဉ် ဖြစ်ပါတယ်။ ပုံမှန် အစီအစဉ်တွေကတော့ ကျွန်တော်တို့ စနေနေ့တွေမှာအပတ်စဉ် ပုံမှန် တင်ဆက်နေတာ ဖြစ်ပါတယ်။ အခုပထမဆုံး ကျွန်တော် ဖိတ်ခေါ်ထားတဲ့ ဆရာန်ကြီးနဲ့ မိတ်ဆက်ပေးပါရစေ။ အဆုတ်နှင့် ရင်ခေါင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး ပါမောက္ခဦးဝင်းနိုင် ဖြစ်ပါတယ်။ ဆရာကြီးက ဆေးတက္ကသိုလ်(၁) ရဲ့ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆေးပညာဌာနရဲ့ ပါမောက္ခ ဌာနမှူးလည်း ဖြစ်ပါတယ် ခင်ဗျ။

မဇ္ဈိမ - ဆရာကြီးခင်ဗျ H1N1 က ဘယ်ကနေစဖြစ်ပြီးတော့၊ ဘယ်လို အခြေအနေမျိုးမှာ ဖြစ်သလဲဆိုတာ သိချင်ပါတယ် ခင်ဗျ။

Prof: WN -တစ်ကယ်တော့ ကျွန်တော်တို့ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ H1N1 ဆိုတာရာသီတုပ်ကွေးလို့ပဲ သတ်မှတ်ထားတာပါ။ ရာသီတုပ်ကွေးဆိုတော့ ရာသီပြောင်းတဲ့ အချိန်လေးတွေပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာကတော့ မိုးအ၀င်ပေါ့..ဆောင်းအကူးမှာလည်း ဖြစ်သေးတယ်။ ဆိုတော့ ၂ ကြိမ်လောက် ဖြစ်တတ်တဲ့ ရာသီတုပ်ကွေးတွေလည်း ရှိပါတယ်။ တုပ်ကွေးကတစ်နှစ်နဲ့ တစ်နှစ် မတူဘူးပေါ့။ ဒီနှစ်မှာတော့ Popular ဖြစ်နေတာပေါ့။ အဲ့တာကတော့ H1N1 ဗိုင်းရပ်စ် ပိုးပေါ့.. သူက ခါတိုင်းလည်းတွေ့ဘူးတဲ့ တုပ်ကွေးပိုးပဲ ဒီနှစ်မှာလည်း ထပ်ပြီးတော့ တွေ့ရတာပဲ။

မဇ္ဈိမ - ကျွန်တော်တို့ အရပ်ထဲမှာပြောနေကြတာပေါ့။ ဥပမာ - ရန်ကုန်မှာ မိုးရာသီဖြစ်လို့ နည်းနည်း ရာသီဥတုပူတဲ့ အညာဒေသ မန္တလေးမှာ သွားနေရင်ကော ဒီဗိုင်းရပ်စ်က မကူးစက်နိုင်ဘူးဆိုတဲ့ အယူအဆရှိပါတယ်။ အဲ့တာကိုလည်း ဆရာကြီးပြောပေးပါဦးခင်ဗျ။

Prof: WN -ရာသီပြောင်းတဲ့အချိန်မှာ ဖြစ်တယ်ဆိုကတည်းက ဘယ်လိုနေရာမျိုးမှာ စဖြစ်မလဲဆိုတာက ရှိပြီးသားပေါ့။ ကျွန်တော်တို့ အောက်ပြည်ကတော့ မိုးများတယ်။ မိုးဝင်တဲ့ အချိန်တွေမှာ ပိုအဖြစ်များတယ်ပေါ့။ ဒါပေမယ့် တစ်ကယ်လို့ မန္တလေးကိုရှောင်သွားမယ်ဆိုပါစို့ မန္တလေးမှာ မဖြစ်သေးဘူး၊ ကိုယ်ကလည်း ပိုးမရှိသေးဘူးဆိုရင်တော့ ဖြစ်နိုင်ချေ နည်းမှာပေါ့။ တစ်ကယ်လို့ မန္တလေးကို သွားတဲ့လူကိုယ်တိုင်ကိုက ဒီက တုပ်ကွေးပိုးဝင်သွားတယ်ဆိုရင် မန္တလေးမှာလည်း သူက ဖြစ်မှာပဲ။ ပိုးဝင်သွားပြီလား၊ ပိုးရှိနေပြီလား အဲ့ဒီအပေါ်လည်း မူတည်တာပေါ့။

မဇ္ဈိမ -ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုက လူစုလူဝေးတွေ လူထူထပ်တဲ့နေရာတွေကိုလည်း မသွားမဖြစ် သွားရတဲ့အခါမှာလည်း ဘယ်လိုပြုမူနေထိုင်သင့်ပါသလဲ ခင်ဗျ?

Prof: WN -တုပ်ကွေးရောဂါဖြစ်ပြီဆိုရင် နောက်တစ်ယောက်ကိုကူးဖို့ သိပ်လွယ်တဲ့ ရောဂါပဲ။ ရောဂါရှိတဲ့လူက နှာချေမယ်၊ ချောင်းဆိုးမယ်လုပ်လိုက်ရင် ထွက်လာတဲ့ လေထဲမှာ ပိုးကပါသွားတာ။ ပါသွားရင် အနီးအနား ၃ ပေကနေ ၅ ပေလောက်အထိ သူကတိုက်ရိုက်ရောက်သွားတာ။ ရောက်သွားရင် ရှူသွင်းလိုက်တဲ့လေထဲမှာ ပိုးပါသွားရင် အဆုတ်ထဲကို ၀င်သွားပြီးတော့ ပိုးကူးစက်ခံရတဲ့ သဘောရှိတာပေါ့။ အဲ့တော့ ရောဂါတွေ ဖြစ်နေတဲ့ နေရာကိုသွားမယ်ဆိုရင်၊ ရောဂါဖြစ်နေတဲ့လူနဲ့ နီးနီးကပ်ကပ်နေမယ်ဆိုရင် ကိုယ်လည်း ကူးစက်ခံလိုက်ရတဲ့ သဘောပေါ့။ လူစုလူဝေးထဲကို သွားရင် ရောဂါဖြစ်မလားဆိုတော့ လူစုလူဝေးထဲမှာ ရောဂါရှိတဲ့ လူရှိမလားပေါ့။ ရှိတယ်ဆိုရင် သူကကော ကျန်းမာရေးအသိနဲ့ နှာခေါင်း၊ ပါးစပ်ကိုသေသေချာချာလုံခြုံအောင် နှာခေါင်းစည်းတို့ ဘာတို့နဲ့ အုပ်ပြီးချောင်းဆိုးမယ်ဆိုရင်တော့ ကူးစက်ဖို့ နည်းတာပေါ့။ အဲ့လိုမှ မဟုတ်ရင် အကူးခံရနိုင်တာပေါ့။ နောက်တစ်ခုက အဖြစ်များတယ်၊ ကူးစက်ခံရတဲ့ အရေအတွက် များလာတယ်ဆိုတာက ကူးစက်ရောဂါဆိုတော့ ကူးမှာပဲလေ။ ဒီရာသီကလည်း ကူးတဲ့ရောဂါဖြစ်တဲ့ တုပ်ကွေးရာသီပဲလေ။ ဒါက နှစ်စဉ် နှစ်တိုင်းလည်း ဖြစ်ပါတယ်။ ပိုသတိထားမိကြတာပေါ့လေ။

မဇ္ဈိမ -အဲ့ဒီတော့ စိုးရိမ်စရာတော့ မလိုဘူး၊ ဂရုစိုက်ဖို့တော့ လိုတယ် ဆိုတဲ့ သဘောမျိုး ဖြစ်နိုင်လားခင်ဗျ။

Prof: WN - ဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးက ဘယ်လောက်ထိဆိုးသလဲပေါ့။ ဘယ်လောက်ထိ လူတွေကို ဒုက္ခပေးသလဲပေါ့။ သာမန်တုပ်ကွေးတစ်ခုပဲလား၊ ဒါမှမဟုတ်ရင် ထူးခြားတဲ့ ပြင်းထန်တဲ့ တုပ်ကွေးပဲလား ရိုးရိုးရှင်းရှင်းလေးတော့ စဉ်းစားဖို့ လိုတာပေါ့။ အခုကြောက်နေကြတာက အသေအပျောက်များတယ်။ ဒါဆိုရင် ပိုးက ပြင်းတယ်လို့ ထင်တယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ပြန်ကြည့်တဲ့အခါမှာ တော်တော်များများက ရောဂါအခံတွေ ရှိနေကြတယ်။ ဖြစ်သွားတဲ့အထဲမှာ ရောဂါမရှိဘူးဆိုတဲ့ လူကပါတော့ ပါတယ်၊ နည်းတယ်။  နောက်.. ကိုယ်ဝန်ဆောင်တွေ ဖြစ်တယ်၊ အဲ့တာကတော့ တုပ်ကွေးပိုးတိုင်း အဲ့လို ဒုက္ခပေးတတ်တယ်။ ဒါကြောင့်မို့လို့ ပိုပြင်းတယ်လို့ ပြောရတာလည်း နည်းနည်းတော့ ခက်တယ်။ ရောဂါကိုတော့ သတိနဲ့ ရှောင်တာကတော့ အကောင်းဆုံးပဲပေါ့။ အသိကတော့ ရှိပြီ။ ကူးတာကတစ်ယောက်နဲ့ တစ်ယောက် ချောင်းဆိုးရာကနေ ကူးတယ်။ သတိတစ်ခုထားရမှာပေါ့။ အဲ့တော့ ကိုယ်က အကာအကွယ်ဆောင်မလား၊ လူနာကဆောင်မလား။ လူနာဆောင်တာကတော့ အကောင်းဆုံးပေါ့။

မဇ္ဈိမ - H1N1 လို့ကော ဘာ့ကြောင့် ပြောရပါသလဲခင်ဗျ။ အဲ့ဒီ အဓိပ္ပါယ်လေးလည်း ရှင်းပြပေးပါ။

Prof: WN -တစ်ကယ်တော့ Influenza Virus ပေါ့၊ တုပ်ကွေးဗိုင်းရပ်စ် ပိုးပါပဲ။ ပိုးတွေကအမျိုးမျိုးရှိတယ်။ သူ့ရဲ့ခန္ဓာကိုယ်မှာပါနေတဲ့ Antigen လို့ခေါ်တဲ့ H ရယ် N ရယ် အမျိုးအစားလေးတွေ တစ်ကောင်နဲ့ တစ်ကောင် ကွာသွားတယ်။ အမျိုးအစားတွေ ခွဲတဲ့အခါမှာဥပမာ - H5N1 ဆိုအခု ကြက်၊ ငှက် တုပ်ကွေး ဖြစ်နေတာပေါ့။ H1N1 ဆိုအခုဖြစ်နေတာပေါ့။ အမျိးအစားလေးတွေ ကွဲတာပေါ့။ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်လေးတွေပါပဲ။ မျိုးကွဲလေးတွေ ကွာတာပါ။ 

မဇ္ဈိမ -ဘယ်လို လူတွေမှာ ကူးစက်လွယ်သလဲ ၊ အဖြစ်လွယ်ပါသလဲခင်ဗျ။

Prof: WN -လူတိုင်းကတော့ တုပ်ကွေးမလွတ်တတ်ဘူး။ ဖြစ်နိုင်တယ်ပေါ့။ ဒါပေမယ့် ကိုယ်ခံအားနည်းနေရင်တော့ ပိုဖြစ်တယ်။ ဥပမာ- အနေအထိုင် အစားအသောက် မမှန်ဘူးပေါ့။ အိပ်ရေးပျက်တယ်၊ အစားကမမှန်ဘူး စသည်ဖြင့်ပေါ့။ နောက် ရောဂါအခံ ရှိတယ်ပေါ့။ ရင်ကြပ်ပန်းနာ၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ရောဂါ ဒီလိုလူနာတွေဆို ပိုအဖြစ်များတယ်။ ဖြစ်လွယ်တယ်။

မဇ္ဈိမ -ဆရာကြီး ပြောသွားတဲ့အထဲမှာ ကိုယ်ဝန်ဆောင်တွေလည်း ဖြစ်တယ်ဆိုတော့ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေမှာ ဘယ်လိုမျိုးမဖြစ်အောင် ကာကွယ်လို့ ရနိုင်မလဲခင်ဗျ။

Prof: WN - အငယ်လေးတွေလည်း ဖြစ်တယ်၊ အသက်ကြီးတဲ့ လူတွေမှာလည်း ဖြစ်တယ်။ ကိုယ်ဝန်ဆောင်တွေမှာလည်း ဖြစ်နိုင်တယ်ပေါ့။ ဖြစ်ရင် သူကပိုခံစားရတယ်။ ကာကွယ်တဲ့ နည်းကတော့ ခုနက ပြောခဲ့သလိုပဲ လူနာကကာကွယ်တာ အကောင်းဆုံးပဲ။ ကျန်တဲ့လူက ကာကွယ်တာတော်တော် ခက်တယ်။ လူနာက ဘယ်လိုကာကွယ်မလဲဆိုတော့ လူနာက သူ့ဆီမှာဗိုင်းရပ်စ် ပိုးကရှိနေပြီ၊ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းမှာ ပိုများတယ်။ ချောင်းဆိုးလိုက်တယ်ဆိုရင် ချွဲသလိပ်တို့နဲ့ အတူ ထွက်လာမယ်။ ထွက်ပြီးရင် လေထဲကိုပြန့်သွားမယ်။ အဲ့ဒီ ဗိုင်းရပ်စ်ပိုးတွေက လေထဲမှာ စီးမျောပြီးတော့ ပါသွားမယ်။ အဲ့တာဆိုရင် ကျန်တဲ့လူကလိုက်ကာကွယ်ဖို့ ခက်တယ်။ အလွယ်ဆုံးက ဘယ်မှာလဲဆိုတော့ တစ်ကယ်ထွက်မယ့် အပေါက်။ လူနာကနေဗိုင်းရပ်စ်ပိုးတွေ ထွက်မယ့်အပေါက်က နှာခေါင်းနဲ့ ပါးစပ်ဆိုတော့ သေသေချာချာလုံအောင် အုပ်ရမယ်။ နည်းနည်းအုပ်တာတောင် မလုံလောက်ဘူး။ နှာခေါင်းစည်းနဲ့ အုပ်လိုက်မယ်ဆိုရင် အပြင်ကို ဗိုင်းရပ်စ်ပိုးက မထွက်တော့ဘူး။ ဒါဆိုရင် ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့။

မဇ္ဈိမ - နှာချေတာ၊ ချောင်းဆိုးတာလုပ်လိုက်ပြီဆိုရင် ဗိုင်းရပ်စ်က ဘယ်လောက်အကွာအဝေးအထိ ပြန့်နိုင်သလဲခင်ဗျ။

Prof: WN -ထွက်တဲ့အထဲမှာ ပါသွားတဲ့ ဥစ္စာတွေက အသီးလေးတွေ၊ အမှုန်တွေ အမွှားတွေပါတယ်ပေါ့။ အသီးလေးတွေ ပါသွားတဲ့အခါမှာသူက ၃ ပေလောက်အထိဆိုရင် အောက်ကိုကျသွားတာပေါ့။ ၃ ပေလောက်ကတော့ ဒဲ့တိုးသွားနေတယ်။ တချို့ကျတော့ နည်းနည်းထပ်သေးတဲ့အခါကျတော့ ၅ ပေလောက် ရောက်သွားတယ်။ အဲ့တော့ တစ်ယောက်နဲ့ တစ်ယောက်က ၅ ပေလောက်အကွာမှာ ရှိတယ်ဆိုရင် ကူးနိုင်တဲ့ သဘောဖြစ်တယ်။ အဲ့ဒီကနေအမှုန် အမွှားသေးသေးလေးတွေက လေသယ်ဆောင်ရာ ရောက်ပြီ။ ဒါကြောင့်မို့လို့ ကာကွယ်မယ် ဆိုလို့ရှိရင် ထွက်မယ့် ထွက်ပေါက်မှာ တစ်ခါတည်းပိတ်လိုက်မယ်ဆိုရင် အကောင်းဆုံးပဲ။

မဇ္ဈိမ -အဲ့လို ကာကွယ်တဲ့ နေရာမှာလည်း နှာခေါင်းစည်းက အမျိုးအစားတွေ အများကြီးရှိတယ်ဆိုတော့ ဘယ်အမျိုးအစားက လုံခြုံပြီးတော့ စိတ်ချရပါသလဲခင်ဗျ။

Prof: WN -လူနာတစ်ယောက် ဆိုပါတော့ လူနာဆိုရင် သူ့နှာခေါင်းနဲ့ ပါးစပ်ကပဲ ထွက်မယ်ဆိုရင် သူက Surgical Mask ခေါ်တဲ့ သာမန် နှာခေါင်းစည်းကို သုံးလို့ရတယ်။ နှာခေါင်းနဲ့ ပါးစပ်ကိုလုံခြုံအောင် အုပ်ဖို့တော့ လိုတာပေါ့။ မေးစေ့မှာအုပ်ထားတာတွေ၊ နှာခေါင်းဖော်တာတွေတော့ မလုပ်နဲ့ပေါ့။ သူကချောင်းဆိုးလိုက်ရင် ဒီမှာပဲကပ်နေတာ။ ဘေးလည်းထွက်စရာ အကြောင်းမရှိဘူး၊ တည့်တည့်ကိုပဲ သွားမယ်ဆိုရင် တံတွေးသီးတွေ၊ အမှုန်အမွှားတွေက ဒီမှာပဲကပ်နေတာ။ ဘေးကိုမပြန့်တော့ဘူး၊ လေထဲမရောက်တော့ဘူးဆိုလို့ရှိရင် တခြားလူတွေအတွက် အန္တရာယ် ကင်းသွားတာပေါ့။

မဇ္ဈိမ -ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခင်ဗျ။

4R Health Talk ကျန်းမာရေးရာ အဖြေရှာအစီအစဉ်ရဲ့ အထူးအစီအစဉ် အနေနဲ့ H1N1 ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီးတော့ အဆုတ်နှင့် ရင်ခေါင်းအထူးကု ဆရာဝန်ကြီးပါမောက္ခ ဦးဝင်းနိုင်နဲ့ တိုက်ရိုက် LIVE တွေ့ဆုံမေးမြန်းထားတာတွေကို အပိုင်း (၁) အနေနဲ့ ပြန်လည် ထုတ်လွှင့်ပေးခဲ့တာလည်း ဖြစ်ပါတယ် ခင်ဗျ။ နောက်နေ့တွေမှာ လည်းအပိုင်း (၂) (၃) (၄) ကို ပြန်လည် ထုတ်လွှင့်ပေးသွားပါမယ်ခင်ဗျ။