ကုလသမဂ္ဂမှ မြောက်ကိုရီးယားနိုင်ငံအပေါ် ပြင်းထန်သော အရေးယူဒဏ်ခတ်မှု ဥပဒေအသစ်ပြဌာန်း

ကုလသမဂ္ဂမှ မြောက်ကိုရီးယားနိုင်ငံအပေါ် ပြင်းထန်သော အရေးယူဒဏ်ခတ်မှု ဥပဒေအသစ်ပြဌာန်း

သြဂုတ် ၆ ။            ။ ကုလသမဂ္ဂလုံခြံုရေးကောင်စီသည် နျူကလီးယားနှင့် ဒုံးပျံစမ်းသပ်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်နေသော မြောက်ကိုရီးယားနိုင်ငံအပေါ် အပြစ်ပေးသည့်အနေဖြင့် ဒေါ်လာ ၁ ဘီလျံကျော် တန်ဖိုးရှိသော ကျောက်မီးသွေး နှင့် အခြားပို့ကုန်များ တင်ပို့မှုကို ပိတ်ပင်ခြင်းအပါအဝင် ပြင်းထန်သော အရေးယူဒဏ်ခတ်မှု ဥပဒေအသစ် တစ်ရပ်ကို စနေနေ့တွင် ပြဌာန်းခဲ့သည်။

အမေရိကန်သံအမတ် နီကီဟယ်လေက ကုလသမဂ္ဂ၏ ယခုလိုဆုံးဖြတ်ချက်သည် မြောက်ကိုရီးယားစစ်အစိုးရ အပေါ် စီးပွားရေးအရ အရေးယူဒဏ်ခတ်မှုများထဲ၌ အပြင်းထန်ဆုံးနှင့် အတင်းကြပ်ဆုံး ပြစ်ဒဏ်ဖြစ်ကြောင်း ပြောခဲ့သည်။

သို့သော်လည်း သူမက ယခုလိုအပြစ်ပေးမှုမျိုးနှင့် မလုံလောက်သေးကြောင်းနှင့် ပြသနာအရင်းအမြစ် တစ်ခုလုံး ကို ဖြေရှင်းပြီးပြီဟု မယူဆသင့်သေးကြောင်း သတိပေးခဲ့သည်။

“ ဥပေဒကိုချိုးဖောက်ပြီး နျူကလီးယား စမ်းသပ်ချက်တွေကို လုပ်ဆောင်နေတဲ့ မြောက်ကိုရီးယားစစ်အစိုးရရဲ့ ခြိမ်းခြောက်မှုတွေဟာ တဖြည်းဖြည်းနဲ့ ပိုမိုပြီးအန္တရာယ်ရှိလာနေပါပြီ” ဟု ဟယ်လေက အရေးယူဒဏ်ခတ်ရန် မဲခွဲဆုံးဖြတ်အပြီးတွင် လုံခြံုရေးကောင်စီဝင်များကို ယခုလိုပြောဆိုခဲ့သည်။

အမေရိကန်တို့သည် ပြံုယမ်းအပေါ် စီးပွားရေးအရ ပိုမိုဖိအားပေးသွားနိုင်ရန်အတွက် မြောက်ကိုရီးယား၏ မဟာမိတ်ဖြစ်သော တရုတ်နိုင်ငံနှင့် ဆွေးနွေးညှိုနှိုင်းပြီးနောက်တွင် လုံခြံုရေးကောင်စီထဲ၌ ဥပေဒမူကြမ်းတစ်ခု ကို အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က “ကုလသမဂ္ဂလုံခြံုရေးကောင်စီဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့ဖို့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၅ မဲရရှိခဲ့ပြီး ကန့်ကွက်မဲ မရှိခဲ့ပါဘူး။ တရုတ်နိုင်ငံ နဲ့ ရုရှားနိုင်ငံတို့ဟာ ကျနော်တို့နဲ့အတူတူ မဲပေးခဲ့ကြပါတယ်” ဟု တွစ်တာပေါ်၌ ရေးသားခဲ့သည်။

လုံခြံုရေးကောင်စီသည် မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှု ခြောက်ကြိမ်ခန့်ရှိပြီဖြစ်သော်လည်း ပြံုယမ်း၏ ပဲ့ထိန်းတပ်ဒုံးကျည်များနှင့် နျူကလီးယားစမ်းသပ်ချက်များကို ယခုအချိန်ထိ မရပ်တန့်နိုင်သေး ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly