သရုပ်ဆောင်နေမင်းရဲ့ မွေးနေ့အလှူအဖြစ် ရဲဘက်စခန်းတွင် လှူဒါန်း

သရုပ်ဆောင်နေမင်းရဲ့ မွေးနေ့အလှူအဖြစ် ရဲဘက်စခန်းတွင် လှူဒါန်း
ဓာတ်ပုံ-နေမင်းဖေ့ဘွတ်ခ်

သြဂုတ်လ ၆ ရက် ။          ။ သရုပ်ဆောင်နေမင်းက သြဂုတ်လ ၆ ရက်နေ့မှာ ကျရောက်တဲ့ သူ့မွေးနေ့အကြိုအလှူအဖြစ် မင်းကုန်းရဲဘက်စခန်း အကျဉ်းဦးစီးဌာနမှာရှိတဲ့ အကျဉ်းသားတွေကို သြဂုတ်လ ၅ ရက်က တစ်နေ့တာအဖြစ် ၂ နပ်စာ လှူဒါန်းခဲ့ပါတယ်။

"မင်းကုန်းရဲဘက်စခန်း အကျဉ်းဦးစီးဌာန မှာရှိတဲ့ အကျဉ်းသားတွေ ကို တစ်နေ့တာ နေ့လည် နဲ့ ညနေ နှစ်နပ်စာကို ဒီနေ့ လှူတန်းခဲ့ပါတယ်။ တကယ်ကို စိတ်မကောင်းစရာမြင်ကွင်းနဲ့အတူ လိုအပ်သောနေရာလို့သာပြောပါရစေ " လို့ နေမင်းက ပြောပါတယ်။

ဒါ့အပြင် ထောင်ထဲက အစားအသောက်တွေက သူထင်သလို အညံ့စားတွေ မဟုတ်တဲ့အတွက် ဝမ်းသာပြီးတော့ ထောင် ထမင်းဟင်းတွေကို သူတို့နဲ့အတူ စားခဲ့ပါတယ်လို့ နေမင်းက သူ့လူမှုကွန်ယက်မှာ တင်ထားခဲ့ပါတယ် ။

"တကယ်ကို ကောင်းမွန်စွာ ချက်ပြုတ်ပေးသော ထောင်ပိုင်ကြီး ကတော် နှင့် အကျဉ်းဦးစီးဝန်ထမ်းများ ။ ယခုလို တကယ်ကောင်းမွန်သော စားသုံးမှုကိုမြင်ရတော့ စာတွေထဲ၌ ဖတ်ခဲ့ရသော၊ ထောင်မှာကျွေးသောအညံ့စား အစားအစာပုံစံများ မဟုတ်တော့ဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အဲ့ဒီ့ထမင်းဟင်းများကို အတူစားသုံး၍ပြန်ခဲ့ကြပါသည်။ ဆရာမ မေ လှူလိုက်သော စာအုပ်များကိုလည်း ပေးအပ်ခဲ့ပါတယ်" လို့ နေမင်းက ရေးထားပါတယ်။

တကယ်တော့ နေမင်းရဲ့ မွေးနေ့က ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့ပါ ။ ဒီနေ့ ၆ ရက်နေ့မှာလည်း သိမ်ဖြူဓမ္မာရုံမှာ ဆွမ်းလောင်းလှူခဲ့ပြီး သြဂုတ်လ ရ ရက်မှာလည်း လှူဒါန်းဖို့ အစီအစဉ်ရှိပါတယ်။

" အောင်ဇဗ္ဗူကျောင်းတွင်အာရုဏ်ဆွမ်းကပ်ပြီး ကျွန်တော်တို့သက္ကလရွာလေးရှိ မပြည့်စုံသော ရွာသူရွာသားများကို  ဆန် နဲ့ဆီ တနေ့လုံး လှူပါမည်" လို့ သူက လူမှုကွန်ယက်ကနေ ပြောထားပါတယ်။ သူ့ရဲ့ ဘယ် နှစ်နှစ်မြောက်မွေးနေ့လဲဆိုတာကိုတော့ ပြောမထားပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly