နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ သြဂုတ် ၂၀ နောက်ပိုင်းတွေ့မည်

နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ သြဂုတ် ၂၀ နောက်ပိုင်းတွေ့မည်
တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)တို့ ရှစ်ကြိမ်မြောက် ဆွေးနွေးပွဲ။ ဓါတ်ပုံ - သက်ကို

ရန်ကုန် သြဂုတ် ၉ ။         ။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA ) ကို တိုင်းရင်းသား အားလုံးပါဝင်လက်မှတ် ထိုးရေးအတွက် နိုင်ငံတော်သမ္မတ အပါအဝင်အစိုးရ အဖွဲ့ခေါင်းဆောင်များနှင့် တိုင်းရင်း သား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်တို့ သြဂုတ်  ၂၀ရက် နောက်ပိုင်းတွင်တွေ့ဆုံမည်ဟု ရခိုင်လွတ်မြောက် ရေးပါတီ အထွေထွေအတွင်းရေးမှုး ဒေါ်စောမြ ရာဇာလင်း ကမဇ္ဈိမကိုပြော သည်။

၎င်းက" အရင်က ၂၁ရက်လို့ပြောတာ၊ ဒါပေမယ့်အခုရေဘေးတွေလည်းရှိနေတော့ အဲဒီနောက်ပိုင်း တစ်ရက်ရက်ကို သမ္မတအားတဲ့ရက်ကို တွေ့ကြမယ်လို့ သိရတယ်။ တိုင်းရင်းသားတွေဖက် ကတော့ခေါင်းဆောင် ငါးဦးရွေးပြီး သွားတွေ့မှာ" ဟု ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ဖွဲ့ရှိသည့်အနက် ကရင်အမျိုးသားအစည်းအရုံး၊ ဌာနချုပ် လော်ခီးလာတွင် ဒုတိယအကြိမ်မြောက်ကျင်းပသည့် လက်နက်ကိုင် တိုင်းရင်းသားညီလာခံမှ ဖွဲ့စည်း လိုက်သည့် ထိပ်သီးခေါင်းဆောင်အဖွဲ့ဝင် ၁၇ဖွဲ့လုံးဖြင့် အစိုးရက NCA ကိုလက်မှတ်ရေးထိုးရန် တိုင်းရင်းသား များဖက်က တောင်းဆို ထားသည်။

အစိုးရကမူ ၎င်းတို့တောင်းဆိုထားသည့် ၁၇ဖွဲ့မှ ပလောင်နှင့် ကိုးကန့်တို့ကိုမူ နောက်ဆက်တွဲ အနေဖြင့်သာ လက်မှတ်ရေးထိုးရန် ဆွေးနွေးသွားမည်ဟု ဆုံးဖြတ်ထားသဖြင့် သမ္မတအပါအဝင် အစိုးရ အဖွဲ့ခေါင်းဆောင်များ နှင့် တိုင်းရင်းသားတို့က ဆက်လက်ဆွေးနွေးရန်ကျန်ရှိနေခြင်းဖြစ်သည်။

အားလုံးပါဝင်လက်မှတ်ထိုးနိုင်ရေးအတွက် ကချင်၊ ကရင်၊ ကရင်နီ၊ မွန်နှင့် ရှမ်း လက်နက်ကိုင် အဖွဲ့များမှ ထိပ်သီးခေါင်းဆောင် ငါးဦးမှ ၇ဦး က နေပြည်တော်သို့ သွားရောက်ဆွေးနွေးရန် ရည်ရွယ်ထားပြီး ယင်းရလာဒ် အတိုင်း တိုင်းရင်းသားတို့က NCA ကိုလက်မှတ်ရေးထိုးသွားမည်ဟု ဆုံးဖြတ်ထားသည်။

သမ္မတ ဦးသိန်းစိန်အစိုးရတက်လာပြီး ၂၀၁၁ခုနှစ် သြဂုတ်လ ၈ရက်မှ စတင်ကာ ပြည်တွင်းငြိမ်းချမ်းရေးကို စတင်ဆွေးနွေးခဲ့ပြီး ၂၀၁၅ခုနှစ် သြဂုတ်လ ၇ရက်တွင် NCA ကိုနှစ်ဖက် သဘောတူဆွေးနွေး ညှိုနှိုင်းနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly