အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး စတင်၊ မြောက်ကိုရီးယားနှင့်တောင်တရုတ်ကိစ္စ အဓိကဆွေးနွေး

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး စတင်၊ မြောက်ကိုရီးယားနှင့်တောင်တရုတ်ကိစ္စ အဓိကဆွေးနွေး

သြဂုတ် ၅ ။           ။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်ဆယ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သုံးရက်ကြာအစည်းအဝေးကိုတော့ ယနေ့ သြဂုတ်လ ၅ ရက်မှာပဲ ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့မှာ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။

အဆိုပါ ဒေသတွင်းအစည်းအဝေးမှာ အဓိက ဆွေးနွေးသွားမယ့်အကြောင်းအရာတွေထဲမှာတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ တောင်တရုတ်ပင်လယ်နယ်မြေအငြင်းပွားမှုဆိုင်ရာ ကိစ္စတွေက ရှေ့တန်းကနေ ပါ၀င်နေလျက်ရှိပါတယ်။

ယင်းလုံခြံုရေးဖိုရမ်မှာပဲ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ရဲ့ နယ်ချဲ့လာနေမှုအပေါ် ကိုင်တွယ်ဟန့်တားပေးသွားဖို့ကိုလည်း ဗီယက်နမ်က ကျန်အာဆီယံနိုင်ငံတွေကို တိုက်တွန်းသွားခဲ့တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်၊ ရုရှ၊ တရုတ် သံတမန်တွေလည်း အာဆီယံနဲ့ အာရှ-ပစိဖိတ် နိုင်ငံတွေက သံတမန်တွေနဲ့အတူ ယခု မနီလာ အစည်းအဝေးတွေမှာ ပူးပေါင်းဆွေးနွေးသွားဖို့လည်း ရှိနေပါတယ်။

ယခုလို ဖိလစ်ပိုင်မှာ တွေ့ဆုံတဲ့ အစည်းအဝေးအတွင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ သီးခြားတွေ့ဆုံသွားဖို့ အဆင်သင့်ရှိနေကြောင်းလည်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက သြဂုတ် ၅ ရက်မှာပဲ ပြောကြားသွားပါတယ်။

ယခုဖိလစ်ပိုင် အစည်းအဝေးမှာ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီဟုန်ယို တက်ရောက်လာပါတယ်။

အမေရိကန်ကတော့ ယခု မနီလာတွေ့ဆုံမှုကနေတဆင့် မြောက်ကိုရီးယားအပေါ် သံတမန်နည်းအရ ဖိအားပေးဖို့ ကြိုးပမ်းလာဖို့ ရှိနေသလို တစ်ချိန်တည်းမှာပဲ အမေရိကန်တို့ ရေးဆွဲထားတဲ့   မြောက်ကိုရီးယားအပေါ်အရေးယူပိတ်ဆို့ရေး မူကြမ်းကိုလည်း ယခုသီတင်းပတ်ကုန်မှာ ကုလသမဂ္ဂမှာ မဲခွဲဆုံးဖြတ်ဖို့ ရှိနေပြီဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags