ကာတွန်းဆရာများ ကောက်ခံရရှိသည့် အလှုငွေများ ပြန်လည်ထူထောင်ရေး ကာလတွင် အသုံးပြုမည်

ကာတွန်းဆရာများ ကောက်ခံရရှိသည့် အလှုငွေများ ပြန်လည်ထူထောင်ရေး ကာလတွင် အသုံးပြုမည်
တော်ဝင်စင်တာတွင်ပြုလုပ်သောကာတွန်းဆရာများအလှူငွေကောက်ခံပွဲမြင်ကွင်း ။

ရန်ကုန်၊ သြဂုတ် ၉ ။       ။ သတင်းစာဂျာနယ်၊ မဂ္ဂဇင်းအသီးသီးတွင် ရေးဆွဲနေကြသော ကာတွန်းဆရာများ စုပေါင်းပြီး မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ရေဘေးသင့်ပြည်သူများအတွက် အနုပညာဖြင့်ကောက်ခံ ရရှိသည့် အလှုငွေများကို ပြန်လည်ထူထောင်ရေး ကာလတွင် အသုံးပြုသွားမည်ဟု  ပါဝင်ဆောင်ရွက်သူ ကာတွန်းဆရာ စိုးစံဝင်းက မဇ္ဈိမကို ပြောသည်။

လက်ရှိ ကောက်ခံရရှိထားသော အလှုငွေများကို လတ်တလောကာလတွင်  အသုံးပြုဦးမည် မဟုတ်ဘဲ အခြေအနေစောင့်ကြည့်ကာ ပြန်လည်ထူရေးကာလရောက်မှ ထိထိရောက် ရောက် လှူဒါန်းသွားမည်ဟု ၎င်းက ဆိုသည်။

ကာတွန်းဆရာ စိုးစံဝင်းက  ''ကျွန်တော်တို့စောင့်ကြည့်ဦးမယ်၊ ပြန်လည်ထူထောင်တဲ့အချိန် တကယ်လိုအပ် နေတဲ့နေရာ တွေကို ထိထိရောက်ရောက်လှူဒါန်းသွားမယ်'' ဟု ၎င်းကဆိုသည်။

သြဂုတ် ၉ ရက်က ပြည်လမ်း တော်ဝင် စင်တာတွင် ကာတွန်းဆရာ  ၆၄  ဦးက အနုပညာဖြင့် မနက် ၉ နာရီမှ ည ၉ နာရီအထိ အလှူငွေများ ကောက်ခံခဲ့ရှိပြီး သြဂုတ်  ၂ ရက်က ကန်တော်ကြီးမျှော်စင်ကျွန်းနှင့် သြဂုတ်  ၅ ရက်က တော်ဝင်စင်တာရှေ့တို့တွင် လည်း ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ကာတွန်းဆရာများက အနုပညာဖြင့် အလှုငွေများ ကောက်ခံရာ၌  တီရှပ်ပေါ်တွင် စာရေးပေးခြင်း၊ ပုံဆွဲပေးခြင်း၊ နံရံကပ် ကာတွန်းများ ရောင်းချပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြပြီး ပထမအကြိမ်တွင် ငွေကျပ် ၁၀ သန်းကျော်၊ ဒုတိယအကြိမ် တွင် ငွေကျပ်သိန်း ၄၀ ကျော်နှင့် သြဂုတ် ၉ ရက်အတွက်မူ မရေတွက်ရသေးကြောင်း ကာတွန်းဆရာအာကာက ပြောသည်။ မြန်မာနိုင်ငံတစ်ဝှမ်း ရေဘေးသင့်ပြည်သူ ၈ သောင်းကျော်ရှိသည်ဟု Save The Children အဖွဲ့၏ စစ်တမ်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly