ဒေါ်အောင်ဆန်းစုကြည်နှင့် ကာရီလမ်ကို အာရှ၏ သြဇာအကြီးဆုံး အမျိုးသမီးနှစ်ဦးအဖြစ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ချီးကျူး

ဒေါ်အောင်ဆန်းစုကြည်နှင့် ကာရီလမ်ကို အာရှ၏ သြဇာအကြီးဆုံး အမျိုးသမီးနှစ်ဦးအဖြစ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ချီးကျူး

သြဂုတ် ၅ ။       ။  မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဟောင်ကောင်ဒေသ၏ ပထမဆုံးသော အမျိုးသမီးခေါင်းဆောင် ကာရီလမ် တို့မှာ အာရှဒေသ၏ သြဇာတိက္ကမ အကြီးမားဆုံးသော အမျိုးသမီးခေါင်းဆောင်များဖြစ်ကြသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမက်ဝီနိုင်က ပြောဆိုလိုက်သည်။

အာရှဒေသတွင် ထက်မြက်ပြီး သြဇာအရှိန်အဝါကြီးမားသည့် အမျိုးသမီးခေါင်းဆောင်နှစ်ဦးရှိပြီး တစ်ဦးမှာ ကမ္ဘာက လေးစားရသည့် မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်   ဖြစ်ပြီး နောက်တစ်ဦးမှာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး အမွှမ်းတင်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကာရီလမ်သည် သူမ၏ နှစ်ရက်တာ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ရောက်ရှိခဲ့စဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမက်ဝီနိုင်နှင့် ပြီးခဲ့သည့် သြဂုတ် ၄ ရက်က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တွေ့ဆုံရာတွင် လမ်၏ ခေါင်းဆောင်မှုအရည်အချင်းကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်က ချီးကျူးပြောကြားသွားခဲ့ပြီး သူမကို မြန်မာခေါင်းဆောင်   နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်   ဒေါ်အောင်ဆန်းစုကြည်နှင့် ခိုင်းနှိုင်းပြောဆိုသွားခဲ့သည်။

ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ခိုင်းနှိုင်းခံရလိုက်သည့်အပေါ် ဟောင်ကောင် ခေါင်းဆောင် ကာရီလမ်ကလည်း အပြံုးနှင့် ပြန်လည်တုန့်ပြန်ခဲ့သည်ဟု သိရသည်။

ယင်းနောက် ဟောင်ကောင်ခေါင်းဆောင် နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ်ဘက်အကြား ကုန်သွယ်မှုပိုင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly