ဘိန်းစွဲနေသည့်မိဘ၂ဦးထံမှ ထွက်ပြေးတိန်းရှောင်လာသည့် ကလေးငယ် ၂ဦးအား မန္တလေး ကလေးပြုစုရေး ဌာနတွင် ပြုစုစောင့်ရှောက်ထားလျက်ရှိ

ဘိန်းစွဲနေသည့်မိဘ၂ဦးထံမှ ထွက်ပြေးတိန်းရှောင်လာသည့် ကလေးငယ် ၂ဦးအား မန္တလေး ကလေးပြုစုရေး ဌာနတွင် ပြုစုစောင့်ရှောက်ထားလျက်ရှိ
Photo - mMyathat Cho

မိုးမိတ်မြို့နယ် ကျောက်လုံးကြီးတော်ရွာမှ မိုးမိတ်သို့ ပြီးခဲ့သည့် ဇွန်လ ၂၃ရက်တွင် မူးယစ်ဆေးစွဲနေသည့် မိဘ၂ဦး၏ လက်မှ ထွက်ပြေးတိန်းရှောင်ပြီး အသက်မသေဘဲ ကျန်ရှိသည့် ရက်သား ၂၀ မိန်းကလေးတစ်ဦးနှင့် အသက် ၁၂နှစ်အရွယ် လွေးလှလှထွေးတို့ကို မန္တလေး ကလေးပြုစုရေး ဌာနမှ ခေါ်ယူပြုစုစောင့်ရှောက်ထားနေကြောင်း သိရသည်။

ကလေးငယ်လေး ၂ဦးကို သွားရောက် သတင်းယူသည့် မားနဂါးဂျာနယ်မှ မိုင်းကောင်ဆိုင်က “အခု သူတို့က မန္တလေး လူမှုဝန်ထမ်းအောက်က ကလေးပြုစုရေး ဌာန ၆၄ထောင့်မှာထားတယ်။ သူတို့အတွက် သီးသန့်သူနာပြုတွေလည်း ရှိထားတယ်။ ကျန်းမာရေးရော နေတာထိုင်တာ ကောင်းတယ်။ ထောက်ပံ့တာက နိုင်ငံတော်က ထောက်ပံ့တာ” ဟု ပြောသည်။

လက်ရှိတွင် ကလေးငယ်လေး၂ဦးကို အသက် ၁၈နှစ်အထိ ပြုစုစောင့်ရှောက်ပေးသွားမည်ဖြစ်ပြီး ၁၈နှစ်ပြည့်ပြီးတွင် မိဘ၂ဦးက ဆေးဖြတ်ပါက   ခေါ်ယူစောင့်ရှောက်ခွင့်ပြန်လည်ပေးအပ်မည်   ဖြစ်ကြောင်းကို မိုးကုတ်ဆေးရုံတွင် သဘောတူထားခဲ့ကြောင်း သိရသည်။

“အခု ကလေးမလေးက သူ့အဒေါ်ဆီပဲ ပြန်ချင်တယ်လို့ ပြောနေတယ်။ သူတို့ကတော့ လူမှုဝန်ထမ်းကတော့ ခေါ်ထားမယ်ပြောတယ်။ သူတို့က မိုးကုတ်မှာကတည်းက သဘောတူညီမှုရထားတယ်။ ကလေး ၁၈ပြည့်လို့ သူတို့မိဘတွေ ဘိန်းမစားတော့ဘူးဆိုရင် ပြန်ခေါ်မွေးခွင့်ရှိတယ်။ မခေါ်ချင်လည်း ဆက်ထားမယ်ဆိုလည်း ရတယ်” ဟု မိုင်းကောင်းဆိုင်က ဆက်ပြောသည်။

လက်ရှိ ကလေးငယ်လေး ၂ဦး၏ အဖေသည် ပြင်ဦးလွင် ဘိန်းဖြတ်စခန်းတွင် ဆေးဖြတ်လျက်ရှိနေပြီး အမေကမူ မိုးမိတ်မြို့နှင့် ၁၀မိုင်ကွာဝေးသည့် မန်တိုက်ရွာတွင် နေထိုင်ပြီး ဘိန်းဖြတ်ခြင်း မရှိသေးဟု မိုင်းကောင်းဆိုင်က ပြောသည်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly