မင်းလှမြို့နယ် ဓါတ်ကုန်းကျေးရွာမှ အသက်(၂)နှစ်အရွယ် ကလေးတွင် H1N1 ပိုးတွေ့ရှိ

မင်းလှမြို့နယ် ဓါတ်ကုန်းကျေးရွာမှ အသက်(၂)နှစ်အရွယ် ကလေးတွင် H1N1 ပိုးတွေ့ရှိ

မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေသော မင်းလှမြို့ ရေနံမတိုက်နယ် ဓါတ်ကုန်းကျေးရွာမှ အသက်(၂)နှစ်အရွယ် ကလေးတွင် H1N1 ရောဂါပိုးတွေ့ရှိကြောင်း မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

"မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ရေနံမတိုက်နယ် ဓာတ်ကုန်းရွာက ကလေးပါ၊ ဇူလိုင်လ ၂၃ ရက်က ရေနံမတိုက်နယ်ဆေးရုံမှာ စပြီးတက်ပါတယ်။ မသက်သာတော့ မင်းလှဆေးရုံကို သွားပါတယ်၊ မင်းလှဆေးရုံကမှတစ်ဆင့် မကွေးဆေးရုံကို လွှဲပါတယ်၊ ဇူလိုင်လ၂၄ ရက်မှာ မကွေးရောက်ပါတယ်၊ ကလေးက ရောဂါပြင်ထန်းတဲ့အတွက် ကလေးကို စစ်ဆေးတယ်။ တုပ်ကွေး Influenza ကA အဆင့်ဖြစ်ပါတယ်၊ တုပ်ကွေး Influenza ကA အဆင့်ဖြစ်ပေမဲ့ ကျွန်တော်တို့က လူနာရောဂါပြင်းထန်မှ ဓာတ်ခွဲခန်းပို့တာပါ ကလေးက ဆေးရုံရောက်တဲ့အချိန်မှာ ရောဂါပြင်ထန်းတဲ့အတွက် ဇူလိုင်(၃၁)ရက်နေ့က ကလေးရဲ့ နှာခေါင်းနဲ့ အာခေါင်မှာရှိတဲ့ တို့ပက်များကိုယူပြီး ရန်ကုန်အမျိုးသား ဓာတ်ခွဲခန်းကိုပို့ခဲ့ပါတယ်။ ဒီနေ့( သြဂုတ်လ ၄ ရက်) နေ့မှာ အဖြေပြန်ရပါတယ်။ H1N1 လို့ အဖြေထွက်ပါတယ်၊ အခုတော့ ကလေးကို မကွေးဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာထားပြီး ကုသပေးနေပါတယ်"ဟု တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က မဇ္ဈိမသို့ ပြောသည်။

ယခု H1N1 တွေ့ရှိမှုမှာ မကွေးတိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ကလေးမှာ သြဂုတ်လ(၄)ရက်နေ့ ည( ၈)နာရီခွဲ အချိန်အခြေအနေအရ တိုးတက်မှု ရှိလာပြီး စိုးရိမ်စရာ အခြေအနေတွင် မရှိပါကြောင်း ဒေါက်တာထွန်းအောင်ကြည်က ဆက်လက်ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း တုပ်ကွေးဖြစ်သူ လူနာ (၁၉)ဦးအား စမ်းသပ်ကိရိယာဖြင့် စစ်ဆေးခဲ့ကြောင်း ၎င်း(၁၉)ဦးအနက် တုပ်ကွေး Influenza Aအဆင့် (၇)ဦး၊တုပ်ကွေး Influenza Bအဆင့်(၁)ဦး၊ H1N1 Positive (၁)ဦးသာတွေ့ရှိကြောင်း၊ တုပ်ကွေး Influenza Bအဆင့်(၁)ဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သည့် လူနာအမျိုးသမီး၏ နှာခေါင်းနှင့် အာခေါင်မှာရှိသည့် တို့ပက်များကိုယူ၍ ရန်ကုန်အမျိုးသား ဓာတ်ခွဲခန်းသို့ ပို့၍ စစ်ဆေးခဲ့ရာတွင် Negativeဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly