ရခိုင်တွင် လူ၆၀၀ခန့်က လုံခြံုရေးတပ်ဖွဲ့ဝင်များအား ဝိုင်းဝန်းတိုက်ခိုက်ဟု အစိုးရ ထုတ်ပြန်

ရခိုင်တွင် လူ၆၀၀ခန့်က လုံခြံုရေးတပ်ဖွဲ့ဝင်များအား ဝိုင်းဝန်းတိုက်ခိုက်ဟု အစိုးရ ထုတ်ပြန်
(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

နေပြည်တော်(ဩဂုတ် ၄ရက်၊ ၂၀၁၇ခုနှစ်)။ ။  အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့သည်ဟု ဆိုသူများကို သွားရောက်ဖမ်းဖမ်းစဉ် ရသေ့တောင်မြို့နယ်၊ အောက်နန်းရာကျေးရွာအတွင်း လုံခြံုရေးတပ်ဖွဲ့ဝင်များအား ရွာအတွင်းရှိ လူ ၆၀၀ဦးခန့်က ဝိုင်းဝန်းတိုက်ခိုက်သည့်ဖြစ်စဉ် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု နို်င်ငံတော်အတိုင်င်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက ဩဂုတ် ၄ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

ထိုဖြစ်စဉ်ကြောင့် လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့က ရွာအတွင်း ဝင်ရောက်ပြီး တပ်မတော်က အပြင်စည်းဖြင့် ပိတ်ဆို့ရှင်းလင်းလျက်ရှိသည်ဟု ကော်မတီက ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲမှူးဥက္ကာအောင် ဦးစီးသော ရဲတပ်ဖွဲ့ဝင် ၂၅ ဦးတို့သည် ယနေ့ နံနက် ရ နာရီက အောက်နန်းရာ ကျေးရွာအတွင်းမှ အကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ပေးသည့် တရားခံ ၆ ဦးအား သွားရောက်ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

လုံခြံုရေးတပ်ဖွဲ့ဝင်များသည် တရားခံများအားခေါ်ဆောင်ပြီး ပြန်လည်ထွက်ခွာစဉ် ရွာတွင်းမှ လူစုလူဝေးများ ဖြင့် အော်ဟစ်ဆူညံကာ ဝိုင်းရံလာသဖြင့် လုံခြံုရေး ရဲတပ်ဖွဲ့ဝင်များက လက်နက်ငယ်ဖြင့် ၁၅ ချက်ခန့် ခြောက်လှန့်ပစ်ခတ်စဉ် တရားခံ(၆)ဦးအနက်မှ အဒူစောဘူအပါအဝင်(၂)ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုံခြံုရေးရဲတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးရမိသူ ၄ ဦး နှင့်အတူ အောက်နန်းရာရွာ စာသင်ကျောင်းသို့ နံနက် ရ နာရီခွဲတွင် ရောက်ရှိပြီး ခေတ္တရပ်နားစဉ် စာသင်ကျောင်းအား ကျေးရွာအတွင်းရှိ လူစုလူဝေး ၃၀၀ ကျော်ခန့်မှ ထပ်မံဝိုင်းထားပြီး ကိုက် ၅၀ ခန့်အထိ အနီးကပ်တိုးဝင်လာခဲ့ပြီး လောက်လေးဂွ၊ ဂျင်ကလိ၊ တုတ်၊ ဓားများဖြင့် ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် အချက် ၄၀၊ ၅၀ ခန့် ထပ်မံ၍ ခြောက်လှန့်ပစ်ခတ်ခဲ့ရသည်ဟုလည်း ကော်မတီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရဲတပ်ဖွဲ့ဝင်များအား ၎င်းလူအုပ်စုမှ ရွာ၏ အနောက်ဘက် စေတီပြင်-အငူမော်သွားကားလမ်းအထိ လိုက်လံတိုက်ခိုက်ခဲ့သဖြင့် ရဲမှူးဥက္ကာအောင်ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် ထိုးဖောက်၍ ဆက်လက် ထွက်ခွာခဲ့ရာ နံနက် ၈ နာရီ မိနစ် ၅၀ တွင် သာယာကုန်းကျေးရွာသို့ ရောက်ရှိကြသည်ဟု ဆိုသည်။

                                                    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly