ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ ရန်ကုန်မြို့တွင် တရားဝင် တွေ့ဆုံရန် သဘောတူ

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ ရန်ကုန်မြို့တွင် တရားဝင် တွေ့ဆုံရန် သဘောတူ

ချင်းမိုင်၊ သြဂုတ် ၄ ။             ။ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် နှင့် UNFC ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့ သြဂုတ်လ ၁၀ရက်နှင့် ၁၁ရက်၌ ရန်ကုန်မြို့တွင် ဆဌ္စမအကြိမ် တရားဝင် တွေ့ဆုံဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်။

သြဂုတ်လ ၄ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နှစ်ဖက် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်က တွေ့ဆုံဆွေးနွေးမှုများထက် တိုးတက်မှုရှိပြီး ရန်ုကုန်မြို့တွင် တရားဝင် တွေ့ဆုံဆွေးနွေးရန် သဘောတူညီမှု ရရိခဲ့သည်ဟု အစိုးရ ငြိိမ်းချမ်းရေးကော်မရှင်မှ အကြံပေးအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

“ကျနော်တို့ ပြီးခဲ့တဲ့ အလွတ်သဘောဆွေးနွေးပွဲ ဇူလိုင်လ ၂၀ ရက်နေ့ကဟာကို ကျနော်တို့ ရန်ကုန်မှာ ပြန်ပြီးတော့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို တင်ပြခဲ့ပါတယ်။ အဲဒီ ညှိနှိုင်းတာတွေကို ဒီမှာ အလွတ်သဘောဆွေးနွေးပွဲမှာ ကျနော်တို့လာပြီး တင်ပြခဲ့ပါတယ်။ ကျနော်တို့ ပြောလို့ရတာက ဇူလိုင်လ ၂၀ ရက်နေ့က ဆွေးနွေးပွဲထက် အများကြီး ညှိနှိုင်းလို့ရတယ်။ တိုးတက်မှုတွေ အများကြီးရှိတယ်။ လာမည့် သြဂုတ်လ ၁၀၊ ၁၁ မှာ ရန်ကုန်မှာ ၆ ကြိမ်မြောက် ဆွေးနွေးပါမယ်”ဟု သူက သတင်းထောက်များကို ပြောဆိုခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးနှင့် လာမည့် တတိယအကြိမ် ညီလာခံသို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က တက်ရောက်နိုင်ရန် အဓိက ဆွေးနွေးခဲ့သဖြင့် ဆွေးနွေးမှု အားရမှု ရှိသည်ဟု သူက ပြောသည်။

အစိုးရဘက်မှ NCA လက်မှတ်ရေးထိုးရန် ဆွေနွေးတင်ပြမှုများ ရှိသော်လည်း DPN ဘက်ကမူ သူတို့ အဆိုပြုထားသည့် အဆိုပြုချက် ၈ ချက်တွင် ပါဝင်သော အချက်များကို ညှိနိုင်းသဘောတူညီရရှိမှသာလျှင် လက်မှတ်ရေးထိုးသည့် အဆင့်တက်နိုင်မည် ဖြစ်ကြောင်း DPN မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်က ပြောသည်။

“အန်စီအေ အမြန်လက်မှတ်ရေးထိုးနိုင်ဖို့အတွက်က ကျနော်တို့ အဆိုပြုထားတဲ့ အချက် ၈ ချက်က ဥပဒေအကြောင်းအရ ခိုင်လုံနဲ့ အကျိုးသက်ရောက်မှု ရှိတဲ့ အနေအထားကိုရောက်မှပဲ။ သဘောတူညီနိုင်တဲ့အဆင့်ကို ရောက်မှပဲ။ အန်ဒီအေ လက်မှတ်ရေးထိုးနိုင်တဲ့အဆင့်ကို ရောက်မှာပါ”ဟု သူက သတင်းထောက်များကို ပြောသည်။

ထို့ပြင် တစ်နှစ်ကျော်ကြာ တွေ့ဆုံဆွေးနွေးမှု၏ ရလဒ်ကောင်းအဖြစ် NCA လက်မှတ်ရေးထိုးနိုင်ရန် မူဘောင် ပြန်လည်သုံးသပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆက်လက် ညှိနှိုင်းဆွေးနွေးရန် လိုအပ်နေဆဲ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

“အခုက ကျန်နေတဲ့ အပိုင်းတွေ ရှိနေတယ်။ ကျန်နေတဲ့အချက်တွေမှာလည်း အဓိက ရေရှည်သွားရမယ့် ဖြစ်စဉ်တွေ ဖြစ်နေပါတယ်။ အဲဒီမှာ ဘာတွေပါသလဲဆိုတော့ မူဘောင်ပြန်လည် သုံးသပ်တာတို့၊ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးရင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် စောင့်ကြည့်ရေး ယန္တရားတွေကို ကျနော်တို့ ခိုင်မာအောင် လုပ်တဲ့အခါမှာ ဘယ်လိုလုပ်သွားမလဲ။ ဒါတွေကို ကျနော်တို့ ညှိနှိုင်းဖို့ကျန်နေသေးတယ်။ ဒီအချက်တွေကတော့ အန်စီအေ လက်မှတ်ရေုးထိုးပြီး နောက်ပိုင်းမှလုပ်ရမှာ ဖြစ်တဲ့အပိုင်းနဲ့ အန်စီအေ မထိုးခင် လုပ်ရမယ့်အပိုင်းတွေ ရှိနေပါတယ်”ဟု သူက ပြောသည်။

DPN ဘက်မှ အားလုံးပါဝင်၍ NCA လမ်းကြောင်းပေါ် အတူတကွ တွေ့ဆုံဆွေးနွေးလိုသော်လည်း ယခင် ဦးသိန်းစိန် အစိုးရနှင့် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ တို့က အားလုံး ပါဝင်ရေးကို မဖော်ဆောင်နိုင်သေးဘဲ လက် မခံခြင်းကြောင့် NCA လက်မှတ်ရေးထိုးနိုင်သည့်အဆင့် မရောက်နိုင်ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

ယနေ့ တွေ့ဆုံ ဆွေးနွေးပွဲတွင် အစိုးရငြိမ်းချမ်းရေးကော်မရှင်ဘက်မှ အတွင်းရေးမှူး ဦးခင်ဇော်ဦး ဦးဆောင်၍ ဦးအောင်ကြည်၊ ဦးအောင်စိုး၊ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ ဦးကျော်လင်းဦးတို့နှင့် DPN ဘက်မှ ခူဦးရယ် ဦးဆောင်ကာ နိုင်အောင်မငေး၊ ဗိုလ်မှူးကြီးဆေအွန်၊ ဗိုလ်မှူးဟတ်ဟန်၊ ဗိုလ်မှူးကြီး မင်းထွန်း၊ နာပစ်ဘွန်၊ ဦးထွန်းဇော်တို့ တက်ရောက် ဆွေးနွေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly