ကျောင်းကားနှင့် သူငယ်တန်းကျောင်းသားတစ်ဦးကို တိုက်မိလုနီးပါးဖြစ်ကာ ကလေးငယ် သေဆုံး

ကျောင်းကားနှင့် သူငယ်တန်းကျောင်းသားတစ်ဦးကို တိုက်မိလုနီးပါးဖြစ်ကာ ကလေးငယ် သေဆုံး
 သေဆုံသူ သူငယ်တန်းကျောင်းသား မောင်တေဇရဲလင်း၏ မိသားစုဓာတ်ပုံ။ (ဓာတ်ပုံ- Yin Yin Myint facebook)

ရန်ကုန်၊ သြဂုတ် ၄ ။              ။ အလုံမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် သြဂုတ်လ ၄ရက် နံနက်က ကျောင်းကားနှင့် သူငယ်တန်းကျောင်းသားတစ်ဦး တိုက်မိလုနီးပါး ဖြစ်ခဲ့ကာ လဲကျသေဆုံးခဲ့ကြောင်း အဆိုပါကျောင်းသား၏ မိသားစုထံ သွားရောက်ခဲ့သည့် အလုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်ထံမှ သိရသည်။

“ကျောင်းအုပ်ဆရာမကြီး ပြောပုံအရဆိုရင် ကျောင်းထဲကို ကျောင်းကားဝင်လာတယ်။ သူငယ်တန်းဆောင်ရှေ့မှာ ရပ်တယ်။ အဲ့တော့ ကလေးက အဆောင်ထဲ ဝင်ဖို့ ကားရှေ့က ပတ်သွားတာကို ကျောင်းကားမောင်းတဲ့သူက မမြင်တဲ့အတွက် တိုက်မိမလို ဖြစ်ပြီး ကလေးက လဲကျသွားတာ။ ခေါင်းကွဲသွားတယ်လို့လည်း ပြောတယ်၊ နားက သွေးထွက်သွားတယ်လို့လည်း ပြောတယ်။ ကားက အရှိန်ပြင်းလို့မဟုတ်ဘူး။ ကလေးတွေ ဆင်းကုန်ပြီဆိုပြီး ပြန်ထွက်ခါစမှာ အဲ့လိုဖြစ်သွားတာပါ”ဟု အလုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်က မဇ္ဈိမကို ပြောသည်။

ကျောင်းတွင်းဖြစ်ပွားသည့် ကိစ္စဖြစ်သည့်အတွက် အ.ထ.က(၄)အလုံမှ ကျောင်းအုပ်ဆရာမကြီး၊ အလုံမြို့နယ် ပညာရေးမှူးတို့က သေဆုံးသူကျောင်းသား မောင်တေဇရဲလင်း၏ မိသားစုထံ သွားရောက်တွေ့ဆုံခဲ့ကြသည်။

သေဆုံးသွားသူကျောင်းသားမိသားစု၏ ပြောပြချက်အရ ကလေးက ရက်အတန်ငယ် နေမကောင်းဖြစ်ပြီးနောက် ကျောင်းပြန်တက်ခြင်းဖြစ်သည့်အတွက် အားနည်းနေသည်ဟုဆိုသည်။ ထို့အပြင် အသက်အရွယ် အလွန်ငယ်လွန်းသောကြောင့် ထိတ်လန့်၍ လဲကျသွားခြင်း ဖြစ်ကြောင်း ပြောသည်။

ကျောင်းကားမောင်းသူမှာ သေဆုံးသူကျောင်းသား၏ မိသားစုနှင့် ရင်းနှီးသူဖြစ်ပြီး လက်ရှိတွင် အဆိုပါကျောင်းကားမောင်းသူကို အလုံမြို့နယ်ရဲစခန်းတွင် လူသေမှုဖြင့် အမှုဖွင့်ထားသည်ဟု အလုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly