မကွေး နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ် ဆရာ/ဆရာမများ ကျောင်းတက်ချိန် ယူနီဖောင်းအင်္ကျီတွင် ဖဲကြိုးပြာတပ်ဆင်ကာ လှုပ်ရှားမှုပြုလုပ်

မကွေး နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ် ဆရာ/ဆရာမများ ကျောင်းတက်ချိန် ယူနီဖောင်းအင်္ကျီတွင် ဖဲကြိုးပြာတပ်ဆင်ကာ လှုပ်ရှားမှုပြုလုပ်

နည်းပညာတက္ကသိုလ်(မကွေး)နှင့် ကွန်ပျူတာတက္ကသိုလ် (မကွေး) တို့ရှိ ဆရာ၊ ဆရာမများ ရာထူးတိုးကိစ္စများတွင် ညီမျှမှု မရှိသည့်အပေါ် မကျေနပ်၍ ကျောင်းတက်ချိန်တွင် ယူနီဖောင်းအကျႌ၌ ဖဲကြိုးအပြာရောင် တပ်ဆင်လှုပ်ရှားမှု ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

မကွေးမြို့နယ် ကံပြား(အရှေ့)ကျေးရွာရှိ နည်းပညာတက္ကသိုလ်(မကွေး)မှ သရုပ်ပြ/နည်းပြဆရာ၊ ဆရာမ(၃၀)ဦးခန့်၊မကွေးမြို့နယ် မကျီးကန်ကျေးရွာအနီးရှိ ကွန်ပျူတာတက္ကသိုလ်(မကွေး)မှ ဆရာ၊ ဆရာ မ(၂၆)ဦးခန့်တို့သည် ဇူလိုင်(၃၁)ရက်နေ့မှစ၍ ကျောင်းတက်ချိန်တွင် ယူနီဖောင်းအကျႌများ၌ ဖဲကြိုးအပြာရောင်တပ်ဆင်ကာ ငါးရက်တိုင်တိုင် ဖဲကြိုးပြာလှုပ်ရှားမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"အဓိက ရည်ရွယ်ချက်ကတော့ ရာထူးတိုး မျှတရေးပေါ့။ ဒါပေမယ့် အခုအချိန်အထိ အောက်က သရုပ်ပြကနေပြီး အရာရှိဝန်ထမ်းတွေပေါ့ လက်ရှိရာထူးနဲ့ ကြာနေတာတွေရှိတယ်။ ရာထူးတိုး မူဝါဒတွေ ရေးဆွဲတဲ့အခါမှာ မျှမျှတတဖြစ်ဖို့ရည်ရွယ်ပြီး လုပ်တာပါ၊ ကမ်းပိန်းက ဒီနေ့နောက်ဆုံးပါ။ ခေါင်းဆောင်တဲ့ ဆရာ/ဆရာမတွေကနေ အစည်းအဝေးလုပ်မယ် ပြီးတော့ ဘာဆက်လုပ်မယ်ဆိုတာ ဆုံးဖြတ်ကြမှာပါ"ဟု မကွေး နည်းပညာ တက္ကသိုလ် လက်ထောက်ကထိက ဦးထွန်းထွန်းဇော်က ပြောသည်။

စက်မှုနှင့်အသက်မွေးပညာဦးစီးဌာန လက်အောက်ရှိ ဆရာ/ဆရာမများမှာ ပုံမှန်အတိုင်းရာထူးတိုးရ ရှိနေသော်လည်း အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် ဆရာ/ဆရာမများမှလွဲ၍ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်ရှိ ဆရာ/ဆရာမများမှာ နိုင်ငံဝန်ထမ်းစည်းမျဉ်းစည်းကမ်း များနှင့် ညီညွတ်မှုရှိသော်လည်း ရာထူးတိုးမရရှိခြင်း၊ လက်ရှိရာထူး(၃)နှစ်ရှိပါက တစ်ဆင့်မြင့်ရာထူးတိုး လျှောက်ထားခွင့်ရှိကြောင်း ဝန်ထမ်းစည်းမျဉ်းတွင် ပါရှိသော်လည်း ရာထူးတိုးမရရှိကြခြင်း၊ အင်ဂျင်နီယာ ဘွဲ့(BE)ရရှိသော ဆရာ၊ ဆရာမများမှာလည်း သုတေသနစာတမ်းတစ်စောင်တင်မှသာလျှင် ဒုတိယ ပါ မောက္ခရာထူးနေရာအား လျှောက်ထားခွင့်ရှိခြင်း စသည့်ကန့်သတ်ချက်များအပေါ် မကျေနပ်ကြခြင်းဖြစ်ကြောင်း ဆရာ၊ဆရာမများ၏ ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly