နှလုံးအထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ဋ္ဌေး နှင့် တွေ့ဆုံခြင်း အပိုင်း (၃)

နှလုံးအထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ဋ္ဌေး နှင့် တွေ့ဆုံခြင်း အပိုင်း (၃)

4R Health Talk Episode (3), Part-3 (ကျန်းမာရေးရာအဖြေရှာအစီအစဉ်)

မင်္ဂလာပါ မဇ္စျိမ ပရိသတ်များ။ 4R Health Talk ကျန်းမာရေးရာ အဖြေရှာအစီအစဉ်ရဲ့ နှလုံးရောဂါနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို အပိုင်း ၃ အနေနဲ့ ဆက်လက် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာပါဝင် ဖြေကြားပေးမယ့် ဆရာဝန်ကြီးကတော့ နှလုံးအထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ဋ္ဌေး ဖြစ်ပါတယ်။

မဇ္ဈိမ -ဆရာကြီးခင်ဗျာ၊ နောက်တစ်ယောက်မေးလာတာက နိုနိုလင်းဆိုတဲ့ တစ်ယောက်က မေးလာပါတယ်။ သမီးအဖေက လွန်ခဲ့တဲ့ ၃ နှစ်လောက်က ရုတ်တရက် ရင်ဘတ်အောင့်ပြီး နှလုံးသွေးကြောကျဉ်းတဲ့ လက္ခဏာတွေ တွေ့ရပါတယ်တဲ့။ ဆေးရုံကိုရောက်တဲ့အခါမှာ သွေးကြောထဲ ပိုက်ထည့်ရမယ်ပြောပါတယ်။ ဒါပေမယ့် ဖေဖေရဲ့ သွေးကြောတွေက ဝက်အူချောင်းလို အရစ်လိုက် အရစ်လိုက် ဖြစ်နေတော့ ပိုက်ထည့်လို့ မရပါဘူးတဲ့။ အခုအဖေက အသက် ၆၈ နှစ်ရှိပါပြီ။ သုံးလတစ်ကြိမ် ဆေးရုံကိုတော့ ရက်ချိန်း ပြန်ပြန်ပြရပါတယ်တဲ့။ သမားတော်ကြီးတွေက ရက်ချိန်းပြန်ပြတိုင်း ခွဲစိတ်ရမယ်လို့ ပြောပါတယ်တဲ့။ ဒါပေမယ့် အခုချိန်ထိတော့ ခွဲစိတ်မှု မလုပ်ရသေးပါဘူးတဲ့။ အသက်အရွယ်အားဖြင့် မခံနိုင်မှာစိုးလို့ သားသမီးတွေက မလုပ်ပေးချင်ပါဘူးတဲ့။ ခွဲစိတ်သင့် မခွဲစိတ်သင့် အကြံတောင်းလိုပါတယ်တဲ့။ အခုလည်း နေ့တိုင်းဆေးသောက်နေရပါတယ်တဲ့။

Prof: MMH -  ဒီဟာက စဖြစ်တဲ့အချိန်က Heart Attak လို့ ခေါ်ပါတယ်ခင်ဗျ။ Heart Attack ဖြစ်သွားတယ်။ ဖြစ်သွားပြီးတော့ သွေးကြောထဲကို ဆေးထိုးကြည့်တဲ့ အခါကျတော့ သွေးကြောတွေက   ကောက်ကွေးနေတယ် ပေါ့နော်။ အဲဒီတော့ ကျွန်တော်တို့ ထည့်ဖို့ခက်တယ်ပေါ့။ ထည့်ဖို့ ခက်တဲ့အတွက်ကြောင့် ဒါကို ကျွန်တော်တို့ ဆေးနဲ့သော်လည်ကောင်း ခွဲစိတ်ဖို့ ဒေါက်တိုင် အဆင့်အနေဖြင့် ကျွန်တော်တို့ သတ်မှတ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ စင်တာအနေနဲ့က တတ်ကျွမ်းနားလည်တဲ့သူ နှစ်ယောက်ရှိပါတယ်။ အိန္ဒိယကလာတဲ့လူတွေ ဒေါက်တာရာကူးနဲ့   ဒေါက်တာပရာတက်ဆိုပြီးတော့ပေါ့။ ဒေါက်တာပရာတက် လူနာတွေက မခွဲသလောက်ပါပဲ။ အားလုံးလောက်နီးနီး ၉၉ ရာခိုင်နှုန်းလောက်အထိ ဒေါက်တိုင်ထည့်ပြီးတော့ ကုသပေးနေတဲ့ အခြေအနေမျိုး ရှိပါတယ်။ အဲတော့ ခွဲဖို့ စိုးရိမ်နေတယ်၊ ခွဲဖို့ အန္တရာယ်ရှိနေတယ်ဆိုရင်တော့ လာပြီးတော့ တိုင်ပင်ပြီးတော့ တကယ်လို့ ထည့်လို့ရတယ်ဆိုရင်လည်း ဒေါက်တိုင်ထည့်ပြီးတော့ ကုလို့ရပါတယ်။ ဒီအတိုင်းထားလို့တော့ မကောင်းဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သွေးကြောပိတ်နေတယ်ဆိုရင် ကျွန်တော်တို့က ဖွင့်ပေးဖို့လိုပါတယ်။ လိုအပ်တဲ့ သွေးပမာဏ မရဘူးပေါ့နော်။ နောက်တစ်ခုက ကြွက်သားတွေပေါ့ အဲဒါတွေက တချို့အောက်ပိုင်းတွေမှာ ရှင်နေတုန်းပဲ။ ဒီသွေးကြောကို ဖွင့်ပေးလိုက်လို့ရှိရင် အဲဒီကြွက်သားတွေက ပြန်ပြီးတော့ အလုပ်လုပ်လာမယ်။ အဲဒါဆိုရင် မောတာတို့ ရင်ဘတ်အောင့်တာတို့ ဒါတွေအားလုံးလည်း အကုန်လုံး သက်သာသွားပါလိမ့်မယ်။

မဇ္ဈိမ - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အဲ့ဒီတော့ ဆရာကြီးခင်ဗျ။ ခုနကဆရာကြီးပြောသွားတဲ့ အထဲမှာ ဆေးလိပ်သောက်တာ၊ နောက်ပြီးတော့ အဝလွန်တာရှိတယ်။ သွေးတိုးများတာပေါ့။ တခြားအစားအသောက် အပေါ်မှာရော ဒီနှလုံးနဲ့ သက်ဆိုင်လား။ ဒါက ကျွန်တော့်မေးခွန်းပါ။

Prof: MMH -ဟုတ်ကဲ့။ အစားအသောက်နဲ့ နှလုံးဆိုတာက ခုနကပြောသလိုပဲ Risk Factor တွေကနေပြီးတော့ နှလုံးသွေးကြောရောဂါ ဖြစ်တာပေါ့နော်။ အဲ့ဒီတော့ အစားအသောက်တွေက အဲဒီ RiskFactor တွေကို ဖြစ်စေတာပေါ့။ ဥပမာ- ဆိုပါစို့ ဆားတွေ အများကြီးစားလို့ရှိရင် သွေးတိုး ဖြစ်သွားတာမျိုးပေါ့နော်။ အဲတော့ အဲဒီဟာတွေအားလုံးကို လျော့မယ်။ လေ့ကျင်းခန်းတွေ ပုံမှန်လုပ်မယ်။ ခုနကပြောတဲ့ ရ ချက်ပေါ့ အဲဒါတွေအားလုံးကို ထိမယ်ဆိုရင်တော့ နှလုံးရောဂါ ဖြစ်ကောင်းဖြစ်နိုင်တယ်။ သို့သော်လည်း ပိတ်တဲ့အဆင့်ထိ မရောက်ဘူးပေါ့။

မဇ္ဈိမ - တကယ့် တကယ်ဆိုရင်ရော နှလုံးရောဂါမဖြစ်အောင် လေကျင့်ခန်းဆိုရင် ဘယ်လိုမျိုး လေးကျင့်ခန်းက အသင့်တော်ဆုံးဖြစ်မလဲ။

Prof: MMH - ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်တို့ကတော့ လေ့ကျင့်ခန်းအနေနဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းကိုတော့ မသတ်မှတ်ပါဘူး။ ကျွန်တော်တို့က တစ်ရက်ကို နာရီဝက်ပေါ့။ လမ်းလျှောက်မယ် အဲဒါက တစ်ပတ်ကို ၅ ရက်ပေါ့။ သတ်မှတ်ချက်က တစ်ရက်ကို နာရီဝက်အတွင်းမှာ ခြေလှမ်းတွေကို တိုင်းတဲ့ ဟာလေးရှိပါတယ်။ သူက ဘယ်လောက်လိုလဲဆိုတော့ နှလုံးရောဂါ ကာကွယ်ဖို့အတွက် တစ်ရက်ကို တစ်သောင်းလိုပါတယ်။ ခြေလှမ်းတစ်သောင်းပေါ့။ ခြေလှမ်းတစ်သောင်းဆိုရင် တစ်ပတ်ကို ၅ ရက်ဆိုရင် ဒါ ကာကွယ်ပြီးသားဖြစ်ပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ခင်ဗျ။ နောက်မေးခွန်းလေး ရှိလာပါတယ်ခင်ဗျ။ အဲဒါက ဆရာခင်ဗျားတဲ့။ ကျွန်တော်ရဲ့ နှလုံးခုန်နှုန်း ၁၀၃ လောက်ဖြစ်ပါတယ်။ အခုတလော နှာလည်းမွှန်နေတော့ နှလုံးနဲ့များ သက်ဆိုင်နေမလားတဲ့။ ကောင်းမြတ်ဆိုတဲ့ တစ်ယောက်က မေးထားပါတယ်။

Prof: - MMH ဟုတ်ကဲ့။ ခုနကပြောသလိုပါပဲ နှလုံးခုန်နှုန်းပုံမှန်သည် ၆၁ ကနေ ၁၀၉ ကြားထဲကိုဆိုရင် ဒါ ပုံမှန်လို့ ယူဆလို့ရပါတယ်။ အခုဟာက ၁၀၃ ဆိုတော့ ပုံမှန်ထဲမှာရှိပါတယ်။ နည်းနည်းလေး မြန်နေတဲ့အကြောင်းအရင်းက နှာမွှန်တာပေါ့နော်။ ဖျားလို့ရှိရင် 1 ဒီဂရီဖာရင်ဟိုက် တက်တိုင်းတက်တိုင်းမှာ ၁၀ ကြိမ် ပိုပိုပြီးတော့ တိုးသွားတယ်ခင်ဗျ။ ကျွန်တော်ထင်တာကတော့ အဖျားလေးနည်းနည်းရှိလို့ နှလုံးခုန်နှုန်းလေး မြန်သွားတယ်လို့ပဲ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။ သို့သော်လည်းပဲ ပုံမှန်ထဲမှာ ရှိနေတဲ့အတွက်ကြောင့် စိုးရိမ်စရာတော့ မရှိပါဘူး။

မဇ္ဈိမ - နောက် မေးခွန်းတစ်ခုကတော့ ဆရာရှင့်တဲ့ ကျွန်မကဝမ်းနည်းမှု ပြင်းထန်လာတဲ့အခါ လူကဘယ်ဘက်ခြမ်း လေးလာတယ်တဲ့ အသက်ရှူမဝဘူး။ ဘယ်ဘက်ခြမ်းက အောင့်တယ်။ ခြေလက်တွေ မသယ်ချင်တော့ဘူး ဒီလိုမျိုး ဖြစ်လာတယ်တဲ့။ အဲဒါ ဘာဖြစ်တာလဲလို့ သိချင်ပါတယ်တဲ့။

Prof: MMH - ဟုတ်ကဲ့။ စိတ်ပိုင်းဆိုင်ရာပေါ့နော် မြန်မာလိုပြောရရင်တော့ စိတ်ကြောင့် ရုပ်ပြောင်းပေါ့။ ရုပ်ကြောင့် စိတ်ပြောင်းပေါ။ အဲတော့ တကယ်လို့ သိပ်ဆိုးတဲ့ အခြေအနေမျိုးဆိုရင်တော့ Heart Attack ဆန်ဆန်မျိုးပေါ့။ အဲလိုမျိုး ဖြစ်တတ်တယ်။ ကျွန်တော်တို့ ECG တွေမှာလည်း အကုန်လုံးပြောင်းတယ်။ ပြီးတော့ သွေးကြောထဲမှာလည်း ဆေးထိုးထည့်ပြီး စမ်းသပ်တဲ့အခါမှာလည်း သွေးကြောတွေအားလုံးက ပုံမှန်ပါပဲ။ ဆိုလိုတာက ဘာလဲဆိုတော့ စိတ်ကြောင့်ဖြစ်တဲ့အချိန်မှာ ဟော်မုန်းတွေကများလာတဲ့ အခါကျတော့ ဒါမျိုး ဖြစ်တာလည်း ဖြစ်ပါတယ်။ အဓိက,ကတော့ ဒါကစိတ်ကြောင့်ဖြစ်တဲ့ ရောဂါပါ။ ဒေါက်တိုင်ထည့်တာတို့ ခွဲတာတို့ ဒါတွေ မလိုပါဘူး။ စိတ်ပိုင်းဆိုင်ရာ ကျွန်တော်တို့ ဗုဒ္ဓဘာသာအရဆိုရင်တော့ တရားထိုင်တာတို့ ပုတီးစိပ်တာတို့ ဝိပဿနာကျင့်တာတို့ ဒါမျိုးလုပ်မယ်။ လိုအပ်လို့ပေါ့။ တစ်ချို့ကတော့နှစ်မျိုးရှိတယ်။ တစ်ချို့ကကျတော့ ဆေးသောက်မှ ထိန်းလို့ရတဲ့ လူနာမျိုးပေါ့ အဲဒါလည်းရှိပါတယ်။ တစ်ချို့ကတော့ ခုနကပြောတဲ့ ကျင့်စဉ်တွေနဲ့ ထိန်းလို့ရတာမျိုးရှိတယ်ပေါ့။ ဆေးသောက်ဖို့ လိုတယ်ဆိုရင်တော့ ခုနကပြောတဲ့ စိတ်ပိုင်းဆိုင်ရာဆေးတွေနဲ့ ဆရာဝန်တွေကို ပြထားပြီးတော့မှ ဆေးသောက်ဖို့ လိုပါလိမ့်မယ်။

မဇ္ဈိမ - ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ခင်ဗျ။ နှလုံးအထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ဌေးနဲ့ တိုက်ရိုက် မေးမြန်းထားတာတွေကိုအပိုင်း ၃ အနေနဲ့  ပြန်လည် ထုတ်လွှင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်ခင်ဗျ။ နောက်နေ့မှာလည်းအပိုင်း ၄ ကို ဆက်လက်ထုတ်လွှင့်သွားပါမယ် ခင်ဗျ။

အင်တာဗျုး ပထမပိုင်းအား ကြည့်ရန်-http://www.mizzimaburmese.com/article/30174

အင်တာဗျုး ပထမပိုင်းအား ကြည့်ရန်-http://www.mizzimaburmese.com/article/30217

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly