Pacific Rim: Uprising ဇာတ်ကား၏ ပြသမည့်ရက်ကို ထပ်မံရွှေ့ဆိုင်း

Pacific Rim: Uprising ဇာတ်ကား၏ ပြသမည့်ရက်ကို ထပ်မံရွှေ့ဆိုင်း

Universal နှင့် Legendary ကုမ္ပဏီတို့မှ ပူးပေါင်းထုတ်လုပ်သည့် ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့သော Pacific Rim ဇာတ်ကား၏အဆက်ဖြစ်သည့် Pacific Rim: Uprising ဇာတ်ကား၏ ပြသမည့်ရက်ကို ထပ်မံရွှေ့ဆိုင်း လိုက်ပြီဖြစ်သည်။

နဂိုက Pacific Rim: Uprising ဇာတ်ကားကို လာမည့် ၂၀၁၈ခုနှစ် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် ပြသမည်ဟု ကြေညာခဲ့သော်လည်း ယခုအခါတွင် တစ်လလတိတိ နောက်ဆုတ်လိုက်သောကြောင့် ၂၀၁၈ မတ်လ ၂၃ ရက်နေ့မှသာ ပရိသတ်များအနေဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။

ထိုဇာတ်ကားတွင် Star Wars: The Force Awakens ၏ သရုပ်ဆောင်ကြယ်ပွင့် ဂျွန်ဘိုယေဂါက ဦးဆောင် ပါ၀င်မည်ဖြစ်ပြီး ဒါရိုက်တာစတီဗင်အက်စ်ဒီနိုက်က အမ်မလီကာမိုက်ကယ်နှင့်အတူ ဇာတ်ညွှန်းကို ပူးတွဲ ရေးသားထားသည်။

အခြားသရုပ်ဆောင်များမှာ စကော့အိစ်ဝုဒ်၊ ဂျင်တီယန်၊ ကိုင်လီစပေနီ၊ ရင်ကိုကီကူချီ၊ ဘန်းဂေါ်မန်၊ အေဒရီယာ အာယွန်နာ နှင့် ချာလီဒေးတို့ဖြစ်ကြသည်။

Pacific Rim: Uprising ဇာတ်ကားကို အနာဂတ် ၂၀၂၅ခုနှစ်တွင် ဇာတ်အိမ်တည်ထားပြီး ဂျွန်ဘိုယေဂါသည် ပထမဇာတ်ကားတွင် စွန့်လွှတ်အနစ်နာခံခဲ့သော မင်းသားကြီး အိုင်ဒရစ်အယ်လ်ဘာ ဇာတ်ကောင်၏ သားဖြစ်သူ နေရာမှ ပါ၀င်သရုပ်ဆောင်ထားသည်။

Pacific Rim ပထမဇာတ်ကားကို ဒါရိုက်တာ ဒယ်လ်တိုရိုက ရိုက်ကူးခဲ့ပြီး အယ်လ်ဘာ၊ ကီကူချီ၊ ဒေး၊ ချာလီဟန်နမ်နှင့် ရောဘတ်ကာဇင်စကီးတို့က ပါ၀င်သရုပ်ဆောင်ထားခဲ့သည်။ ထိုဇာတ်ကားသည် ကမ္ဘာမြေကို ပစိဖိတ်သမုဒ္ဒရာအောက်ခြေမှ ကျူးကျော်ဝင်ရောက်လာသော သတ္တဝါကြီးများအား ခုခံကာကွယ်သည့် ရုပ်ရှင် ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ ရုံဝင်ငွေ ၄၁၁သန်းခန့် ရရှိခဲ့သည်။

ဒုတိယကားဖြစ်သည့် Pacific Rim: Uprising ကို သြစတြေးလျနှင့် တရုတ်နိုင်ငံတို့တွင် ရိုက်ကူးခဲ့ပြီး မတ်လ ၂၃ ရက်နေ့တွင် ထွက်ရှိမည့် Robin Hood၊ Action Point၊ Sherlock Gnomes ဇာတ်ကားများနှင့်အပြိုင် ရုံတင် ပြသသွားမည်ဖြစ်သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly