ဘူးသီးတောင်၊ မောင်တော ရေဘေးသင့် ဒုက္ခသည်များ အကူအညီ အမြန်ဆုံးလိုအပ်နေ

ဘူးသီးတောင်၊ မောင်တော ရေဘေးသင့် ဒုက္ခသည်များ အကူအညီ အမြန်ဆုံးလိုအပ်နေ
အကူအညီများ လိုအပ်နေဆဲဖြစ်သော မြောက်ဦးမြို့နယ်က ဒေသခံများ။ (ဓာတ်ပုံ-DNJ)

စစ်တွေ၊ သြဂုတ် ၉ ။        ။ ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ဖြစ်သော ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် ပြီးခဲ့သည့် လကုန်ပိုင်းက ရေကြီးမှုဒဏ်ကြောင့် ဒုက္ခရောက်နေကြသော ဒေသခံ များမှာ အစိုးရအပါအင် ကယ်ဆယ်ရေး အဖွဲ့အစည်းများ လာရောက်ကူညီခြင်းမရှိ၍ ယခုအကူအညီများ အမြန်ဆုံးလိုအပ်နေကြောင်း သိရသည်။

ဘူးသီးတောင်မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးထွန်းအောင်သိန်းက “ကယ်ဆယ်ရေးကတော့ အဖွဲ့အငယ်လောက်ပဲ ရောက်ပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့ မလုံလောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့လေမုန် တိုင်းကြောင်းနဲ့ ရေကြီးမှုမှာ ပါသွားတဲ့ ရိက္ခာ၊ ပြီးတော့ လယ်သမားတွေမှာလည်း စပါးတွေ၊ ဆန်တွေ၊ လယ်ယာမြေတွေ ဆုံးရှုံးသွားတော့ လာရောက်အကူအညီပေးတာကလည်း နည်းပါတယ်။

အစိုးရကလည်း ဒီနေ့ထိ ကျွန်တော်တို့ကို ကြီးကြီးမားမား အကူအညီပေးတာ မရှိပါဘူး။ တခြားမြို့နယ်တွေကလည်း လူမှုအဖွဲ့အစည်းတွေကလည်း အလှမ်းဝေးတော့ သိပ်မရောက်ကြဘူး။ အခုကတော့ အကူအညီက အလျှင်အမြန်လိုနေတာ။ ” ဟု ပြောသည်။

အဆိုပါဒေသခံများမှာ ဝမ်းစာသိုလှောင်ထားသော ဆန်၊ စပါးနှင့် ယခုစိုက်ပျိုးထားသော လယ်ယာမြေသီးနှံများ ပျက်စီးဆုံးရှုံးမှု အဆိုးဆုံးဖြစ်သောကြောင့် ပြန်လည်ထူထောင်ရေးမှာလည်း အလွန်အခက် အခဲရှိနေကြောင်း ဦးထွန်းအောင်သိန်းက ဆိုသည်။

အလားတူ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များတွင်လည်း အကူအညီများ လိုအပ်နေဆဲဖြစ်ပြီး၊ အထူးသဖြင့် မင်းပြားမြို့များတွင် အကူအညီ အများကြီးလိုအပ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု မှာလည်း အလွန်အားနည်းနေကြောင်း ကယ်ဆယ်ရေးသွားပေးသည့် အဖွဲ့အစည်းများဆီက သိရသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ယခုရေးဘေးသင့် နေရာဒေသများအတွက် ပြည်တွင်းက အလူရှင်များနှင့် နိုင်ငံတကာက အလှူရှင်များထံမှ အကူအညီများ အများကြီး လက်ခံရရှိနေပြီး ယင်းကယ်ဆယ်ရေး ပစ္စည်းများနှင့် အလှူငွေများကို ယခုလက်ရှိမှာ အသုံးပြုမှု နည်းပါးနေပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ မည်မျှ လုပ်ပေးမည်၊ ဆောင်ရွက်မည်ကို စောင့်ကြည့်ရအုံးမည်ဟု ရခိုင်ခေါင်းဆောင် များကပြော ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly