မင်းသမီးဒိုင်ယာနာသည် ပြိုကွဲခဲ့သော သူမ၏ အိမ်ထောင်ရေးနှင့် ချားလ်မင်းသားနှင့် သူမတို့ကြားမှ ဆက်ဆံရေးကို ရုပ်သံမှတ်တမ်းတစ်ခုတွင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ထိုမှတ်တမ်းကို ဗြိတိန် ရုပ်သံလိုင်းမှ လာမည့် တနင်္ဂနွေန့တွင် ထုတ်လွှင့်ပြသွားရန် စီစဉ်ထားသည်။
ဗြိတိန်ထီးနန်းကို ဆက်ခံမည့် ချားလ်မင်းသား၏ ပထမဇနီးဖြစ်သူ ဒိုင်ယာနာသည် လွန်ခဲ့သော ၁၉၉၇ ခုနှစ် သြဂုတ် ၃၁ ရက်နေ့တွင် ပဲရစ်မြို့ရှိ ဥမင်လှိုဏ်ခေါင်းအတွင်း၌ ပါပါရာဇီများ၏လက်မှ လွတ်မြောက်အောင် ထွတ်ပြေးစဉ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားကာ ကွယ်လွန်ခဲ့သည်။
၁၉၈၁ခုနှစ်က အသက် ၁၉နှစ်အရွယ်ရှိ ဒိုင်ယာနာသည် ချားလ်မင်းသားကို လက်ထပ်ခဲ့ပြီး ထို့နောက်တွင် သူမ၏ အိမ်ထောင်ရေးသည် ပြိုကွဲခဲ့ရသည်။ သူမ၏ အိမ်ထောင်ရေး ပြိုကွဲမှုအတွက် နောင်အခါတွင် ချားလ်မင်းသား၏ ဇနီးဖြစ်လာမည့် ကာမီလာပါကာဘိုးလက်စ်ကို ဒိုင်ယာနာက ဝေဖန်ပြစ်တင်ခဲ့သည်။
ဒါ့အပြင်ဒိုင်ယာနာက သူမ၏ အိမ်ထောင်ရေးကိစ္စကို ဘုရင်မကြီး အဲလီဇဘတ်နှင့် ဆွေးနွေးရန် ကြိုးပမ်းခဲ့ပုံကို လည်း ဖွင့်ဟခဲ့သည်။
“ ဘုရင်မကြီးက ကျမဘာလုပ်သင့်လဲဆိုတာ သူမ မသိဘူးလို့ပြောပါတယ်။ ချားလ်ဟာလည်း အလွန်ကိုည့ံဖျင်း တဲ့သူဖြစ်တယ်လို့ ပြောပါတယ်။ ကျမတို့ဒီလောက်ပဲ ပြောဖြစ်ပါတယ်” ဟု ဒိုင်ယာနာက ပြောခဲ့သည်။
ဒါ့အပြင် ချားလ်မင်းသား၏ ဖခင်ဖြစ်သူ ဖိလစ်မင်းသားသည် သားဖြစ်သူအား အကယ်၍ အိမ်ထောင်ရေး အဆင်မပြေပါက အပြင်၌ အချစ်ဇာတ်ခင်းနိုင်ကြောင်း ခွင့်ပြုချက်ပေးခဲ့သည်ဟု သူမက ပြောခဲ့သည်။
ဒိုင်ယာနာဖွင့်ဟထားသော ထိုဗီဒီယိုမှတ်တမ်းကို လွန်ခဲ့သော ၁၉၉၂ ခုနှစ်က ကန်ဆင်တန်နန်းတော်၌ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ဒိုင်ယာနာကွယ်လွန်ခြင်း နှစ် ၂၀ ပြည့်အနေဖြင့် ချန်နယ် ၄ ရုပ်သံလိုင်းမှ ထုတ်လွှင့်သွား မည်ဖြစ်သည်။
Ref: Reuters