FBI အကြီးအကဲအဖြစ် ခရစ္စတိုဖာရေးအား အမေရိကန်အထက်လွှတ်တော်မှ ရွေးချယ်အတည်ပြု

FBI အကြီးအကဲအဖြစ် ခရစ္စတိုဖာရေးအား အမေရိကန်အထက်လွှတ်တော်မှ ရွေးချယ်အတည်ပြု

၀ါရှင်တန်၊  သြဂုတ် ၂ ။            ။ လွန်ခဲ့သောနှစ်က အမေရိကန်ရွေးကောက်ပွဲ၌ ရုရှားတို့၏ ၀င်ရောက်စွတ်ဖက်မှုကို စုံစမ်းစစ်ဆေးနေချိန်တွင် သမ္မတဒေါ်နယ်ထရမ့်၏ ရုတ်တရက်ထုတ်ပယ်မှုကို ခံခဲ့ရသော ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (FBI)၏ အကြီးအကဲ ဟောင်းဖြစ်သူ ဂျိမ်းစ်ကိုမေ၏နေရာတွင် အစားထိုးဦးဆောင်ရန် ခရစ္စတိုဖာရေးအား အထက်လွှတ်တော်မှ အင်္ဂါနေ့က တခဲအနက်အတည်ပြုကာ ရွေးချယ်ခဲ့ကြသည်။

သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်၏ တရားရေးရာဌာနတွင် အဆင့်မြင့်ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ခရစ္စတိုဖာရေးသည် FBI အကြီးအကဲရာထူးအတွက် ထောက်ခံမဲ ၉၂ မဲရရှိခဲ့ပြီး ကန့်ကွက်မဲ ၅မဲသာ ရရှိခဲ့သည်။

ဗြူရိုအတွင်း၌ လူအများ၏လေးစားမှုကို ရရှိထားသော ဂျိမ်းစ်ကိုမေကိုပင် ရုတ်တရက်ထုတ်ပယ်လိုက်သော ထရမ့်ကြောင့် FBI အကြီးအကဲရာထူးသည် အသက် ၅၀ အရွယ်ရှိ ခရစ္စတိုဖာရေးအတွက် စိန်ခေါ်မှုများရှိနေ သည့် ရာထူးဖြစ်သည်။

“လက်ရှိအချိန်ဟာ ခက်ခဲလှတဲ့ဒီလိုရာထူးကို လက်ခံဖို့အတွက် ကြမ်းတမ်းတဲ့ကာလတစ်ခု ဖြစ်နေပါတယ်” ဟု လွှတ်တော်အမတ် အေမီကလိုဘူချာက ရာထူးအတွက် မဲပေးရွေးချယ်ချိန်တွင်   ပြောကြားခဲ့သည်။  

“ယခင် FBI ဒါရိုက်တာဟောင်းဟာ အများကသိထားတဲ့အတိုင်း ရုရှားအရေးကိစ္စကို စုံစမ်းစစ်ဆေးနေချိန်မှာ ထုတ်ပယ်ခံ လိုက်ရပါတယ်။ ဒါ့အပြင် ရှေ့နေချုပ်ဟောင်းတစ်ဦးဟာလည်း ထုတ်ပယ်ခံလိုက်ရပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာတင်ပဲ အစိုးရအဖွဲ့မှ အရာရှိအများအပြား ထုတ်ပယ်ခံခဲ့ရပါတယ်” ဟု သူမက ဆက်လက် ပြောကြားခဲ့သည်။

ရေးသည် ပြီးခဲ့သောလက အထက်လွှတ်တော် ဥပဒေရေးရာကော်မတီ၏ တစ်ညီတစ်ညွတ်တည်း ထောက်ခံမှု ကို ရရှိထားခဲ့သလို နိုင်ငံရေးကိစ္စများကို ဗြူရို၏ဆောင်ရွက်ချက်များအတွင်းသို့ ၀င်ရောက်ခွင့်ပေးမည်မဟုတ်ဟု ပြောကြားထားသော သူ၏ကတိအတွက် ရီပတ်ဘလီကန်နှင့် ဒီမိုကရက်များ၏ ချီးကျူးမှုကိုလည်း ရရှိထားသူဖြစ်သည်။

ရေးက “ ကျနော့်ရဲ့ သစ္စာတရားကို အခြေခံဥပဒေနဲ့ တရားဥပဒေစိုးမိုးရေးအတွက်ပဲ ထားရှိပါတယ်။ ဒီအချက် တွေဟာ ကျနော့်ရဲ့ အရာရှိသက်တမ်းတစ်လျှောက်လုံးကို ဦးဆောင်လမ်းပြပေးတဲ့ အရာတွေပဲဖြစ်ပါတယ်။ ဘယ်လိုစမ်းသပ်မှုတွေကိုပဲ ကြံုတွေ့နေရပါစေ၊ ဒီအချက်တွေကို ကျနော်ဆက်လက်ပြီး လိုက်နာသွားမှာပါ” ဟု ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly