သူ၏ ဖျော်ဖြေပွဲ ဖျက်သိမ်းခဲ့ရမှုနှင့် ပတ်သက်၍ အာမခံကုမ္ပဏီကို ကန်ယေးဝက်စ် တရားစွဲဆို

သူ၏ ဖျော်ဖြေပွဲ ဖျက်သိမ်းခဲ့ရမှုနှင့် ပတ်သက်၍ အာမခံကုမ္ပဏီကို ကန်ယေးဝက်စ် တရားစွဲဆို

အမေရိကန်အဆိုတော် ကန်ယေးဝက်စ်နှင့် သူ၏ ကုမ္ပဏီသည် သူ၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ဖျက်သိမ်းခဲ့ရမှုနှင့် ပတ်သက်၍ လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၁၀သန်းရရှိရန် Lloyd’s of London အာမခံကုမ္ပဏီကို တရားစွဲဆိုခဲ့သည်။

ကန်ယေးဝက်စ်၏ ကုမ္ပဏီဖြစ်သော Very Good Touring က Llyoyd’s သည် အာမခံလျော်ကြေးများကို ပေးချေမည်မဟုတ်သော အရိပ်အယောင်များကို ပြသနေကြောင်းနှင့် Llyod’s ကလည်း အဆိုတော်သည် ဆေးခြောက်သုံးစွဲမှုကြောင့် ကျန်းမာရေးကိုအကြောင်းပြကာ နယ်လှည့်ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ခြင်းဖြစ် ကြောင်း ပြောဆိုလျက်ရှိသည်။ သို့သော်လည်း ကန်ယေးဝက်စ်က သူသည်ဆေးသုံးခဲ့ခြင်း မရှိကြောင်း ငြင်းဆန်ခဲ့သည်။

ကန်ယေးဝက်စ်သည် ပြီးခဲ့သောနှစ်က Saint Pablo ဟူသောခေါင်းစဉ်ဖြင့် နယ်လှည့်ဖျော်ဖြေပွဲပြုလုပ်ခဲ့ပြီး နိုဝင်ဘာလတွင် ကျန်းမာရေး အခြေအနေအရ ဆေးရုံးတက်ခဲ့ရသောကြောင့် မြို့ကြီးများ၌   ဖျော်ဖြေရန်ကျန်ရှိ နေသေးသော ရှိုးပွဲ ၂၁ ပွဲကို ဖျက်သိမ်းခဲ့ရသည်။

ထို့အတွက် Very Good Touring ကုမ္ပဏီသည် အာမခံလျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၉.၈ သန်းရရှိရန် တရားစွဲဆိုထားသည်။

တရားရုံးတော်သို့ တင်ပြခဲ့သော တရားဝင်စာရွက်စာတမ်းများအရ အသက် ၄၀အရွယ်ရှိ အဆိုတော် ကန်ယေးဝက်စ်သည် သူ၏ နယ်လှည့်ဖျော်ဖြေပွဲအတွက် Lyoyd’s အာမခံကုမ္ပဏီကို   ဒေါ်လာသိန်းနှင့်ချီ၍  ပေးသွင်းခဲ့သော်လည်း အာမခံလျော်ကြေးများ ယခုအချိန်ထိ မရသေးကြောင်း သိရသည်။

ကန်ယေးဝက်စ်၏ Saint Pablo နယ်လှည့်ဖျော်ဖြေပွဲကို ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ဖျော်ဖြေရန် ကနဦး က စီစဉ်ထားသော်လည်း အဆိုတော်သည် လော့စ်အိန်ဂျယ်လိစ်မြို့ရှိ အာရုံကြောအထူးကုဆေးရုံ၌ ၈ ရက် ခန့် တက်ရောက်ခဲ့ရချိန်တွင် ကျန်ရှိနေသော ရှိုးပွဲများကို ဖျက်သိမ်းခဲ့ရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags