H1N1 သံသယရှိ လူနာတစ်ဦး ဟားခါးဆေးရုံကြီး၌ ကုသမှုခံယူနေ

H1N1 သံသယရှိ လူနာတစ်ဦး ဟားခါးဆေးရုံကြီး၌ ကုသမှုခံယူနေ
H1N1 ရောဂါပိုး ကူးစက်မှုကို ကာကွယ်သည့်အနေဖြင့် နှာခေါင်းစည်း (Mask) အသုံးပြုထားသူများကို ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ- သူရ၊မဇ္ဈိမ)

ရန်ကုန် ၊ သြဂုတ် ၂ ။               ။ ရာသီတုပ်ကွေး (Seasonal Influenza A(H1N1) ရောဂါဟု သံသယရှိလူနာတစ်ဦး ချင်းပြည်နယ် ဟားခါး ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသမှု ခံယူနေသည်ဟု ဒုတိယပြည်နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနှင်းပပခိုင်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"ဟုတ်ပါတယ်၊ အခုလက်ရှိတော့ လူနာရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်ပါတယ်" ဟု ဒေါက်တာနှင်းပပခိုင်က ဆိုသည်။

အဆိုပါလူနာသည် ထန်တလန်မြို့နယ် မှောင်တလန်ကျေးရွာ၌ ကျန်းမာရေးကြီးကြပ်(၁) ဖြင့် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး အစည်းအဝေးတက်ရောက်ရန် ထန်တလန်မြို့သို့ လာရောက်စဉ် ဖျားနာနေခြင်းကြောင့် ထန်တလန် ဆေးရုံ၌ ပြသစဉ် H1N1 ရောဂါ သံသယရှိသဖြင့် ဟားခါးဆေးရုံသို့ စစ်ဆေးကုသမှုခံယူရန် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

လူနာအား Avian influenza test kit (အရေးပေါ် အမြန်စစ်ဆေးခြင်း) ဖြင့် စစ်ဆေးရာတွင် A/H1N1 positive တွေ့ရှိရသော်လည်း အသေးစိတ် ရလဒ်ကို သိရှိနိုင်ရန် ရန်ကုန်ရှိ အမျိုးသားဓါတ်ခွဲခန်းသို့ ပို့ဆောင်ပြီး ဆက်လက်စစ်ဆေး နေကြောင်း ဒေါက်တာနှင်းပပခိုင်က ပြောသည်။

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) သည် လူနာများနှင့် တိုက်ရိုက်ထိတွေ့့ရသော ကျန်းမာရေး ၀န်ထမ်းများအား ရောဂါကူးစက်ခံရခြင်း မရှိသေးဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားသည့် သတင်းထုတ်ပြန်ချက်တွင် ပါရှိသော်လည်း လက်ရှိအချိန်၌ ကျန်းမာရေးဝန်ထမ်း တစ်ဦးသည် သံသယရှိလူနာတစ်ဦးအဖြစ် ဟားခါးဆေးရုံကြီး၌ ကုသမှု ခံယူနေရသည်။

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) ဖြစ်ပွားမှုမှာ ယမန်နေ့ သြဂုတ်လ ၁ ရက်တွင် အတည်ပြုလူနာ စုစုပေါင်း ရ၆ ဦး အထိ ရှိလာပြီး ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags