ပဲခူးတိုင်းရှိ အထက်တန်းကျောင်း (၇၃) ကျောင်းတွင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်မည်

ပဲခူးတိုင်းရှိ အထက်တန်းကျောင်း (၇၃) ကျောင်းတွင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်မည်

ပဲခူး၊ သြဂုတ် ၁ ။          ။ ပဲခူးတိုင်းအတွင်း မြို့နယ် (၈) ခုမှ အထက်တန်းကျောင်း နှင့် အထက်တန်းကျောင်းခွဲ  (၇၃) ကျောင်းတွင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ   ပြုလုပ်သွားမည်ဖြစ်ကြောင်း ၄င်းဆွေးနွေးပွဲများကို ပြုလုပ်ပေးနေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP  မှ မြန်မာပြည်တာဝန်ခံ ဦးအောင်မျိုးဇော် က သြဂုတ် ၁ ရက်တွင် ပြောသည်။

“တစ်ချိန်မှာတိုင်းပြည်ရဲ့ အဏာဂတ်ခေါင်းဆောင်ဖြစ်လာမယ့် ကျွန်တော်တို့ရဲ့မျိုးဆက်သစ်ကလေးတွေကို လူ့အခွင့်အရေး ဆိုတာဘာလဲ။ ကိုယ်တွေ လိုက်နာဆောင်ရွက်ရမယ့်တာဝန်ဝတ္တရားက ဘာလဲ ဆိုတာတွေကို စနစ်တကျသိရှိစေနိုင်ဖို့ အတွက် လေ့လာနိုင်ဖို့အတွက် ကျွန်တော်တို့အထက်တန်းကျောင်းတွေမှာ ဆွေးနွေးပေးနေတာပါ”ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP  မှ မြန်မာပြည်တာဝန်ခံ ဦးအောင်မျိုးဇော် က ဆိုသည်။

သြဂုတ်လအတွင်း၌ ပြည်ခရိုင် ပြည် ၊ ပေါင်းတည် ၊ သာယာဝတီခရိုင် ဇီးကုန်း သာယာဝတီ မြို့များရှိ အထက်တန်းကျောင်းများတွင် ဆွေးနွေးပွဲများပြုလုပ်မည်ဖြစ်ပြီး စက်တင်ဘာလအတွင်း ၌ ပဲခူးခရိုင် ပဲခူး ၊ ညောင်လေးပင် ၊ တောင်ငူခရိုင် တောင်ငူ ၊ ဖြူးတို့တွင်  တစ်ရက် လျှင် နှစ်ကျောင်းနှုန်းဖြင့် ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်သည်။

သြဂုတ် ၁ ရက်တွင် ပြည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင် ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး သြဂုတ် ၂ ရက်တွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင်   ဆွေးနွေးပွဲပြုလုပ်မည်ဟုလည်းသိရသည်။

ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုချက် တိုင်းပညာရေးမှူး ၊ဒုတိယတိုင်းပညာရေးမှူးများ၏ ပူးပေါင်းဆောင်ရွက်မှုု သက်ဆိုင်ရာ ကျောင်းအုပ် နှင့် ဆရာဆရာများ၏ ပ့ံပိုးကူညီမှုဖြင့်   ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အခြားကျန်ရှိသော တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ကျောင်းများတွင်လည်း ဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဦးအောင်မျိုးဇော်က ရှင်းပြသည်။

“ကျောင်းသားတွေရဲ့ ကျောင်းပိတ်ရက်ရာသီ ပြင်ဆင်ပြီးတဲ့အခါကျတော့ အခြားတိုင်းနဲ့ပြည်နယ် တွေမှာလည်း ကျွန်တော်တို့ဆက်လုပ်သွားပါ့မယ်”ဟုလည်း ၄င်းက ဆိုသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly