“ ကတ္တီပါလမ်းခွဲ ဖြစ်ခဲ့ပြီ ”

“ ကတ္တီပါလမ်းခွဲ ဖြစ်ခဲ့ပြီ ”

အများက ကြိုတင် မျှော်လင့်မထားပါဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်န် အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ပွင့်လင်းအဖွဲ့အစည်းတို့ ကတ္တီပါလမ်းခွဲ ဖြစ်ခဲ့ပါပြီ။ ဘာကြောင့် ဒီလို လမ်းခွဲခဲ့ပြီလို့ ပြောနိုင်ရတာလဲ၊ ဒီအတွက် ဘယ်သူတွေမှာ တာဝန်ရှိ သလဲ၊ ရှေ့ဘာဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီကနေ့ တင်ပြသွားပါ့မယ်။

အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ၈၈ မျိုးဆက် ပွင့်လင်းအဖွဲ့အစည်းက ခေါင်းဆောင်နဲ့ အဖွဲ့ဝင် ၁၈ ယောက် အင်န်အယ်လ်ဒီပါတီ အလံတော်အောက်ကနေ အမတ်လောင်းတွေအဖြစ် ရွေးကောက်ပွဲ ဝင်ဖို့ စာရင်းတင်ပါတယ်။ နှစ်ဘက် အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေအကြား ဘယ် လို ညှိနှိုင်းပြော ဆိုမှုတွေ ရှိခဲ့တယ်ဆိုတာ ဒီကနေ့အချိန် ထုတ်ဖော်ပြောဆိုကြတာ မရှိပါဘူး။ အင်န်အယ်လ်ဒီ ပြောခွင့် ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ ၈၈ မျိုးဆက် အဖွဲ့ဝင်တွေကို တိုက်ရိုက် အမတ်လောင်းအနေနဲ့ ရွေး ချယ်မယ်၊ အင်န်အယ်လ်ဒီ ပါတီ အလံအောက်က ရွေးကောက်ပွဲ ဝင်ပါ ဆိုပြီး တိတိကျကျ ဖိတ်ခေါ် ထားတာမျိုး မရှိဘူးလို့ ပြောဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့ ကိုမြအေးကတော့ “ အထွေအထူး မပြောချင်ပါဘူး၊ တရားကို နတ်စောင့်တယ်” ဆိုတဲ့ အဖြေ ပေးပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အင်န်အယ်လ်ဒီ ဗဟိုဟာ အမတ်လောင်း စာရင်းလာတင်တဲ့ ၈၈ အဖွဲ့ဝင် ၁၈ ယောက်ထဲက ကိုပြုံးချို တစ်ယောက်ကလွဲရင် ကျန်သူအားလုံးကို ပယ်ချလိုက်ပါတယ်။ အဲဒီအ ထဲမှာ အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် ဦးကိုကိုကြီး ကိုယ်တိုင် ပါဝင်သွားခဲ့ပါတယ်။ ဒီလို ရွေးချယ်ခဲ့မှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောထားကို စောစောစီးစီး ခုလို ပြောဆိုခဲ့ပါတယ်။ 

“ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်မခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်နေစိတ် ထားတွေက မကြာမီ ပေါ်လာပါတော့မယ်။ ကိုယ့်အတွက် ပထမလား၊ အဖွဲ့ချုပ်အတွက် ပထမ လားဆိုတာ အတိအလင်း တွေ့မြင်နိုင်တော့မှာပါ” ဆိုပြီးတော့ပါ။ ဒါဟာ ၈၈ အဖွဲ့ဝင်တွေကိုရော မရွေးချယ်ခံရတဲ့ တခြားသူတွေကိုပါ ရည်ရွယ်ပါတယ်။

အင်န်အယ်လ်ဒီ အဖွဲ့ရဲ့ အဲလိုဆုံးဖြတ်ချက်ကို ပထမပိုင်း ၈၈ အဖွဲ့ဝင်တွေ အတော်လေး နားမ လည်နိုင် ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ဆုံး အင်န်အယ်လ်ဒီရဲ့ အဲဒီလုပ်ရပ်ကို ၈၈ မျိုးဆက် တစ်ခုလုံးအပေါ် လုပ်တဲ့လုပ်ရပ်အဖြစ် မြင်သူက မြင်လာကြပါတယ်။ ဒီလိုနဲ့ နောက်ပိုင်း ရက်တွေမှာ ၈၈ ပွင့်လင်း အဖွဲ့အစည်း ကွန်ရက်များ စုံညီတွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ဆုံးဖြတ် ချက်တချို့ ချမှတ်ခဲ့ ကြပါတယ်။ တစ်ပြိုင်နက်တည်း ဆိုသလိုပဲ ၈၈ မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး တို့ ပါဝင်တဲ့အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ ဆုံပြီး ရွေးကောက်ပွဲကို သူတို့ ဖြတ် သန်းမယ့် အခြေအနေ၊ ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ သူတို့ အနေနဲ့ နိုင်ငံရေးပါတီ တစ်ခုထူထောင်ဖို့ ဆန္ဒရှိနေတဲ့ အကြောင်းတွေ ပြောပြဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။ နောက်ပိုင်း အမတ်လောင်း အဖြစ်က နေ အပယ်ချခံခဲ့ရတဲ့ ဦးကိုကိုကြီးရဲ့ အင်တာဗျူးတွေ လည်း မီဒီယာတွေထက်မှာ ပေါ်ထွက်လာပါတော့တယ်။

ဦးကိုကိုကြီးက “၂၀၁၅ ရွေးကောက်ပွဲအတွက် ကျွန်တော်တို့ရပ်တည်ချက်ကတော့ ဒီမိုက ရေစီအင်အားစု၊ တိုင်းရင်းသား အင်အားစုတွေကို ဝန်းရံမယ်ဆိုတဲ့ NLD နဲ့ ပူးတွဲကြေညာချက် ထုတ် ထားတဲ့အတိုင်းပဲ ဆက်လက်ရပ်တည်သွားမှာပဲ။ ကျွန်တော်ပြောတဲ့စကားလုံးက အရေးကြီး ပါတယ်။ ဒီမိုကရေစီ အင်အားစုများပါ။ ဒီမိုကရေစီ အင်အားစုလို့ ကျွန်တော်ယုံကြည်ရတဲ့ လူပုဂ္ဂိုလ် တွေကို ဝန်းရံသွားမယ်။ 

တိုင်းရင်းသားအင်အားစုတွေကို ဝန်းရံမယ်။ အဲဒီရပ်တည်ချက်အတိုင်း ကျွန်တော်တို့ ၂၀၁၅ အထိ သွားမယ်” ဆိုပြီး ပြောဆိုခဲ့ပါတယ်။ သူပြောတဲ့ထဲမှာ အင်န်အယ်လ်ဒီ ကို ဝန်းရံသွားမယ်၊ အင်န်အယ်လ်ဒီပါတီ အနိုင်ရအောင် လုပ်ပေးသွားမယ် ဆိုတဲ့ စကားလုံးမျိုး လုံးဝ မပါသလို အဲဒီ အဓိပ္ပာယ်နဲ့တောင် ခြားနားနေတာ တွေ့နိုင်ပါတယ်။

နောက်ထပ်ပြောတာက သူတို့ အနေနဲ့ ၂၀၁၅ နောက်ပိုင်း နိုင်ငံရေးပါတီ တစ်ခု တည် ထောင်မယ်၊ ဘယ်လို နိုင်ငံရေးပါတီလဲ ဆိုတော့ မူဝါဒတွေကို အခြေခံတဲ့ နိုင်ငံရေးပါတီမျိုး ဖြစ် ချင်တယ်၊ ဒါမှ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ် ဆိုပြီး ပြောခဲ့ပါတယ်။ အဓိပ္ပာယ်က တော့ အင်န်အယ်လ်ဒီဟာ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ လူပုဂ္ဂိုလ်တစ်ယောက်ကိုပဲ အခြေပြု ထားတယ်၊ မူဝါဒကို အခြေမခံထားဘူး ဆိုတာပါပဲ။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ခပ်မဆိတ် မနေပါဘူး။ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက် ပဲခူးတိုင်း ပျဉ်ပုံကြီးမှာ ပြည်သူလူထုနဲ့ တွေ့ဆုံစဉ် သူ့အနေနဲ့ လူတွေကို သင်လို့ ရတဲ့လူတွေနဲ့ သင်လို့ မရတဲ့သူတွေ ဆိုပြီး နှစ်မျိုးပဲ ခွဲခြားထားတဲ့အကြောင်း၊ သင်လို့ရတဲ့ လူတွေနဲ့ လက်တွဲပြီး လုပ်ရတာ အလွန်အဆင်ပြေတဲ့ အကြောင်း၊ ကိုယ့်ကိုယ်ကိုယ် သိပ်တတ်နေပြီဆိုပြီး ထင်တဲ့ စိတ် ဓာတ် ရှိနေသူ တွေဟာ ဘယ်တော့မှ သင်လို့ မရတဲ့အကြောင်း၊ ဒါကြောင့် သူ့အနေနဲ့ သင်လို့ရတဲ့ လူတွေကိုသာ အမတ်လောင်းအဖြစ် ရွေးချယ်ဖို့ ကြိုးစားတဲ့အကြောင်း ပြောပါတယ်။ ဒီစကားဟာ ၈၈ မျိုးဆက် တွေဘက်ကို ရည်ရွယ်ပြီး ပြောတာမှန်း အလွယ်တကူ သိနိုင်ပါတယ်။ 

နောက်ထပ် သူဆက်ပြီး ပြောတာက “ မဲပေးတဲ့အခါကျလို့ရှိရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးပါ၊ ကိုယ်စားလှယ် လောင်းကို ကြည့်မနေပါနဲ့။ မလိမ္မာရင် ကျွန်မတို့ ဆုံးမမယ်။ မသိနားမလည်တာ ရှိရင် ကျွန်မတို့ သင်ပေးမယ်။ ဒါ ကျွန်မတို့ ယူရမယ့် တာဝန်ပဲ။ အဲလို လုပ်လို့မှ မရဘူးဆိုရင် ကျွန်မတို့ ဒီကိုယ်စား လှယ်ကို စည်းမျဉ်းစည်းကမ်းအရ အရေးယူရမှာပါ” ဆိုပြီး ပြောခဲ့ပါတယ်။ ဒီလောက်ဆို အင်န်အယ် လ်ဒီ နဲ့ ၈၈ မျိုးဆက် တကယ်ပဲ လမ်းခွဲခဲ့ကြပြီဆိုတာ ထင်ရှားနေပါပြီ။

တကယ်တော့ ပြည်သူအတွက်၊ တိုင်းပြည်အတွက် စွန့်လွှတ် အနစ်နာခံခဲ့ရတာချင်း အတူ တူ၊ ဒီကနေ့ အချိန်အထိလည်း တစ်ယောက်ချင်း ဖြစ်စေ၊ တစ်ဖွဲ့ချင်းဖြစ်စေ မှန်ကန်တဲ့ လမ်းကိုလျှောက် လှမ်းနေကြတာလည်း အတူတူ ဖြစ်ပါလျက် ခုလို အခြေအနေအထိ ရောက်လာရတာဟာ နှစ်ဘက် ခေါင်းဆောင်တွေမှာပဲ အဓိက တာဝန်ရှိပါတယ်။ အထူးသဖြင့် လူပုဂ္ဂိုလ်အားဖြင့် ဖြစ်စေ၊ အဖွဲ့အစည်း ချင်း နှိုင်းယှဉ်ရင် ဖြစ်စေ ပိုပြီး သြဇာနဲ့ အင်အားကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီမှာ ပိုပြီး တာဝန်ရှိပါတယ်။ ဒီအခြေအနေမျိုးမှာ ပြဿနာကို ပိုပြီး ဆိုးရွားစေတဲ့ အပြုအမူ အပြောအ ဆိုမျိုးထက် ပြဿနာရဲ့ ရင်းမြစ်ကို အသေအချာ ရှာဖွေတာ၊ အမှားတွေကို မြင်အောင်ကြည့်တာ လုပ်ပြီး တိုင်းပြည်နဲ့ ပြည်သူတွေ အကျိုးအတွက် နှစ်ဘက်သဘောထားတွေ အမြန်အဆန် ပြန်လည် ပြုပြင်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly