ABSDF ဌာနချုပ်တွင် ရှစ်လေးလုံးအခမ်းအနားကျင်းပ

ABSDF ဌာနချုပ်တွင် ရှစ်လေးလုံးအခမ်းအနားကျင်းပ

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဌာနချုပ် လိုင်ဇာမြို့တွင် သြဂုတ်လ ၈ ရက်က ကျရောက်သော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၇ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သည်။

ထိုအခမ်းအနားတွင် ABSDF နှင့် KIO တို့က လက်ရှိ နိုင်ငံရေးအခြေအနေများကို တင်ပြခဲ့သည်ဟု ABSDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ရှစ်လေးလုံး အရေးတော်ပုံ လူထုအရေးတော်ပုံနေ့၊ ပြည်သူ တရပ်လုံးနဲ့ဆိုင်တဲ့ အရေးတော်ပုံ၊ စစ်အာဏာရှင်ကို တော်လှန်တဲ့နေ့၊ တစ်ပါတီအာဏာရှင်စနစ် ကျဆုံးနိုင်အောင် တော်လှန်ခဲ့နိုင်တဲ့ ရှစ်လေးလုံးစိတ်ဓါတ်ကို ပြန်လည် ရှင်သန်အောင်ဆိုပြီးတော့ ဒီအခမ်းအနား ကျင်းပတာပါ”ဟု ၎င်းကက မဇ္ဈိမကို ပြောသည်။

အခမ်းအနားကို အဖွင့်မိန့်ခွန်း ပြောကြားခြင်း ၊ ဆုတောင်း ဝတ်ပြုခြင်းနှင့် AA၊ KIO၊ ကိုးကန့်တပ်ဖွဲ့(NMDAA)၊ TNLA၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB)တို့၏ သဝဏ်လွှာများ ဖတ်ကြားခဲ့သည်ဟု သိရသည်။
 
လက်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိရန်အတွက် လက်ရှိ အစိုးရတွင် တာဝန်ရှိသလို၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများလည်း ဝိုင်းဝန်း လုပ်ဆောင်မှ စစ်မှန်သည့် ငြိမ်းချမ်းရေး၊ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ဦးလဆိုင်းက ပြောသည်။
 
“စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်ဖို့၊ စစ်မှန်တဲ့ ရေရှည် တည်တန့်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ ဆိုရင်တော့ ကျွန်တော်တို့ အားလုံးအပေါ်မှာ တာဝန်ရှိတယ်။ အဲဒီနေရာမှာ စေတနာမှန်ဖို့ လိုတာပေါ့နော်။ စေတနာ မှန်မှန်နဲ့ ပြည်သူလူထုနဲ့ တိုင်းပြည်ကို တကယ်ချစ်တဲ့ စိတ်နဲ့ ဝိုင်းလုပ်ရမှာလို့ ၈ လေးလုံးစိတ်ဓါတ်က အဲဒီလို ပြောတာပါဘဲ”ဟု ၎င်းက ပြောသည်။  

အခမ်းအနားသို့ လိုင်ဇာမြို့ ရပ်မိရပ်ဖများ၊ ကချင်အမျိုးသမီးအဖွဲ့အစည်းများ၊ KIO အပါအဝင် မဟာမိတ် အဖွဲ့အစည်းများဖြစ်သော AA အဖွဲ့မှ ကိုယ်စားလှယ်များ အပါအဝင် လူပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။
 
အခမ်းအနားတွင် လက်ရှိ စစ်ရေးနိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ ဟောပြောမှုများ ရှိခဲ့ပြီး ၈ လေးလုံး အရေး တော်ပုံသည် ကျောင်းသားများနှင့်သာ သက်ဆိုင်ခြင်း မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သဖြင့် နေရာအနှံ့ အခမ်းအနားများကို နှစ်စဉ် ကျင်းပရန် လိုအပ်သည်ဟု AA မှ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်က မဇ္ဈိမကို ပြောသည်။
 
“လက်ရှိ မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ပြည်သူတွေ သိသင့်သိထိုက်တဲ့ဟာတွေ ရှင်းပြဖို့ လိုတယ်။ ၈၈ အခမ်းအနားဆိုတဲ့ဟာက ၈၈ ကျောင်းသားထဲမှာ မဟုတ်ဘဲ နေရာတိုင်း အချိန်တိုင်း အခွင့်အရေးပေးတဲ့ နေရာမှာ လုပ်နိုင်တယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းတယ်လို့ ကျနော်အနေနဲ့ မြင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ရှစ်လေးလုံး ၂၇ နှစ်မြောက် အခမ်းအနားကို ပြည်တွင်း ပြည်ပတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း ဂျပန်နိုင်ငံရှိ မြန်ာမသံရုံးရှေ့တွင် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ တိုင်းရင်းသားဒေသများတွင် အစိုးရ စစ်တပ်က ထိုးစစ်ဆင်မှုများ ရပ်တန့်ရန်တို့ကို တောင်းဆိုသော ဆန္ဒပြတောင်းဆိုခဲ့သည်ဟု သိရသည်။

ရန်ကုန်မြို့တွင်လည်း ဆူးလေဘုရားရှေ့တွင် ဘာသာပေါင်းစုံဆုတောင်းပွဲကျင်းပခဲ့ပြီး ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ရှစ်လေးလုံးသမိုင်းပြတိုက် (ယာယီ)ကို ၈၈ရုံးတွင် ဖွင့်လှစ်ခဲ့ပြီး ရှစ်လေးလုံး အခမ်းအနားကိုလည်း သင်္ကန်းကျွန်းမြို့နယ်ရှိ ကျိုက္ကံဆံ ဓမ္မပီယကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်က ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းလိုက်ရာမှ စတင်ခဲ့၍ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်တွင် ရှစ်လေးလုံး လှုပ်ရှားမှု ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly