ဒီမိုကရေစီအကူးအပြောင်းကာလ အရေးပါသော အင်အားစုများ၏ အခန်းကဏ္ဍ

ဒီမိုကရေစီအကူးအပြောင်းကာလ အရေးပါသော အင်အားစုများ၏ အခန်းကဏ္ဍ

လက်ရှိတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးခရီးရှည်၏ လမ်းအစတွင်ပင် ရှိနေသေးသည်။ နောင်နှစ်များစွာအတွင်း ဒီမိုကရေစီအုပ်မြစ်ကို ခိုင်မာစွာချနိုင်ရေး နှင့် အသွင်ကူးပြောင်းရေး ခရီးစဉ်အတွင်း နာကျင်ထိခိုက်မှုနှင့် ဆုံးရှုံးမှု (Casualty) များ၊ အနည်းဆုံး နှင့် အတတ်နိုင်ဆုံး တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းနိုင်ဖို့ရာ အရေးကြီးပါသည်။

လက်ရှိ အသွင်ကူးပြောင်းကာလသည် ရွေးကောက်ခံအရပ်သားအစိုးရအနေဖြင့် လက်ရှိ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှနေပြီး၊ အရေးကြီးကဏ္ဍများတွင် စစ်တပ်(Military)၏ အခန်းဏ္ဍကို အသိအမှတ်ပြု အုပ်ချုပ်နေရသည့်ကာလဖြစ်သည်။ နှစ်ပေါင်းများစွာ စစ်တပ်(Military)မှ ကဏ္ဍအစုံတွင် တိုက်ရိုက်အုပ်ချုပ်နေခဲ့မှုကို လျှော့ချနိုင်ခဲ့သည်ဆိုသော်ငြာ်းလည်း အရေးကြီးကဏ္ဍတချို့မှာ စစ်တပ်(Military)၏ ချုပ်ကိုင်မှုအောက်တွင် ရှိနေသေး၏။ ထို့ကြောင့် အခြေအနေအရ လက်ရှိဒီမိုကရေစီ အသွင်ကူးပြောင်းကာလသည် အရေးပါသော အင်အားစုများအားလုံး (Stakeholders) အတွက် ကြီးမားသော စိန်ခေါ်မှုုဖြစ်ပေသည်။

၂၀၁၀ ခုနှစ်မတိုင်ခင်ကာလကို တဖန်ငဲ့ကြည့်ပြီး မိမိတို့ နိုင်ငံအနေဖြင့် ယခုကဲ့သို့အခြေအနေအထိ တိုးတက်ရောက်ရှိလာသည်ကို အားသစ်အနေဖြင့် မွေးမြူရန်လိုအပ်သည်။ လွတ်လပ်မှုအတွက် မည်သည့်လှုပ်ရှားမှု တိုက်ပွဲကမျှ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဖြစ်တည်ရရှိမလာသည်ကို Nelson Mandela ၏ Long Walk To Freedom က သက်သေရှိနေသည်။ တောင်အာဖရိကနိုင်ငံသည် ယနေ့အချိန်အထိ၊ လွတ်လပ်မှုတိုက်ပွဲ၏ အကျိုးကျေးဇူးအား ခံစားရရှိနေပြီဟု မဆိုသာပေ။

ဒီမိုကရေစီစနစ်တွင်၊ သတင်းမီဒီယာများ၏လွတ်လပ်မှု၊ အရပ်ဖက်အဖွဲ့အစည်းများကဲ့သို့သော အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၏ ခိုင်မာအားကောင်းမှုများသည်၊ ဒီမိုကရေစီစနစ်ခိုင်မာ အားကောင်းရေးအတွက် အလွန်တရာအရေးပါပေသည်။

နိုင်ငံတော်ကာကွယ်ရေး၊ အချုပ်အချာအာဏာကိုကာကွယ်ရေးနှင့် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင်၊ တပ်မတော်၏ အခန်းဏ္ဍမှာ အရေးကြီးသည်ကို မည်သို့မျှ ငြင်းဆန်နိုင်မည်မဟုတ်ပါ။ ထို့အတူ ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နေသည့် ကာလနှင့် ဒီမိုကရေစီစနစ်ခိုင်မာစွာ အမြစ်တွယ်ထွန်းကားဖို့အတွက် လွတ်လပ်သော မီဒီယာများ ရှင်သန်ထွန်းကားအားကောင်းဖို့ရန်မှာလည်း အလားတူအရေးကြီးပါသည်။

အသွင်ကူးပြောင်းရေးကာလအတွင်း ယခုကဲ့သို့အရေးပါသော Stakeholders များ၊ Institutions များ ဟန်ချက်ညီညီ လျှောက်လှမ်းဖို့ရာမှာ တွေ့လာရသည့် ထိပ်တိုက်ရင်ဆိုင်မှုများ ကြံုရသည့်အချိန်တိုင်း အမြဲမပြတ်ဆွေးနွေးညှိနှိုင်းခြင်းသည် နည်းလမ်းကောင်းတစ်ခုဖြစ်ပါသည်။ တိုင်းပြည်အကျိုး ပြည်သူတို့အကျိုးကို ဦးထိပ်ထားကာ အပြန်အလှန် သီးခံစိတ်ရှည်ကြဖို့လည်း အထူးလိုအပ်ပါသည်။

ယခု လတ်တလောဖြစ်နေသည့် သတင်းမီဒီယာသမားများအား ဆက်သွယ်ရေးဥပဒေပုပ်မဖြင့် ဖမ်းဆီးထောင်ချနေမှုများ၊ မတရားအသင်းဥပဒေဖြင့် တရားစွဲဖမ်းဆီးမှုများသည် မြန်မာနိုင်ငံဒီမိုကရေစီ ခရီးလမ်းတွင် ရှောင်လွဲရမည့် အနေအထားများဖြစ်ပါသည်။ ထို ဥပဒေများအား ဒီမိုကရေစီ စံနှုန်းများနှင့်ညီအောင် ပြင်ဆင် (သို့) ဖျက်သိမ်းမှုများကို အမြန်ဆုံးပြုလုပ်ရမည်ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်လည်း၊ ဖမ်းဆီးတရားရုံးရောက်သည့်အခြေအနေအထိ အရောက်မခံဘဲ တတ်သိပညာရှင်များ၊ ကျွမ်းကျင်သူများ၊ သက်ဆိုင်ရာဌာနများပါဝင်သည့် တရားဝင်ကြားခံ အဖွဲ့အစည်းများကဲ့သို့သော (Buffer & Bridge Organizations) များ၏ မျှတစွာညှိနှိုင်းဆောင်ရွက်မှုမျိုးလည်းလိုအပ်ပါသည်။ ထိုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့်ဆုံးဖြတ်လုပ်ဆောင်ချက်များအားလည်း လေးစားသမှုပြုရန်လိုအပ်သည်။

အရေးပါသောအင်အားစုများအကြား၊ (Stakeholders and Institutions) ထိပ်တိုက်ရင်ဆိုင်မှုသည် မည်သူ့အတွက်မျှ ကောင်းကျိုးပြုမည်မဟုတ်ဘဲဲ၊ နိုင်ငံသူ နိုင်ငံသားများကလည်း ထိုအင်အားစုများ၊ အဖွဲ့အစည်းများအပေါ်ယုံကြည်မှု လျော့ပါးလာမည်ဖြစ်ပြီး၊ နောင်တွင် မိမိတို့တစ်ဦးချင်း ဆန္ဒကိုသာ အဓိကထားပြီး ဦးတည်ရာမဲ့သွားနိုင်သည့် အခြေအနေကိုရောက်နိုင်သည်။ ပြည်သူများအနေဖြင့် ဦးဆောင်မည့်အဖွဲ့အစည်းနှင့် မှန်ကန်သည့်ဦးတည်ရာနှင့် သွေဖီကာ တတောတကြက်ဖဖြစ်ကာ နိုင်ငံတည်ငြိမ်းမှုကိုပါ ထိပါးနိုင်ပါသည်။

ထို့ကြောင့် အရေးပါသော အင်အားစုများအနေဖြင့် ညှိနှိုင်းတိုင်ပင်ကာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်မှသာလျင်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအား ချော့မွေ့စွာ အကောင်အထည်ဖေါ်နိုင်မည်ဆိုသည်ကို သတိပြုချပ် စေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly