မသန်စွမ်းလူငယ်များနှင့် အလုပ်အကိုင် အခွင့်အလမ်း (အပိုင်း ၁)

31 July 2017
မသန်စွမ်းလူငယ်များနှင့် အလုပ်အကိုင် အခွင့်အလမ်း (အပိုင်း ၁)

ဦးမျိုးသန့် (တာဝန်ခံအယ်ဒီတာ)

Mizzima Media

 ကျွန်တော်တို့ ဒီကနေ့ ဆွေးနွေးသွားမယ့် အကြောင်းအရာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မသန်စွမ်းလူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုအခြေအနေတွေကို   ဆွေးနွေးသွားမှာ   ဖြစ်ပါတယ်။

 အဲဒီတော့ ဆွေးနွေးသွားမယ့် ပုဂ္ဂိုလ်များနဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော့်ဘေးမှာထိုင်နေတဲ ဆရာမ ကတော့ ဆရာမဒေါ်ယုယုဆွေ ဖြစ်ပါတယ်။ ဆရာမက လူမှုဝန်ထမ်း ကယ်ဆည်ရေးနဲ့   ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာန ပြန်လည်ထူထောင်းရေး ဌာနခွဲရဲ့ ညွှန်ကြားရေးမှူး ဖြစ်ပါတယ်ခင်ဗျ။ ဒုတိယတစ်ယောက်ကတော့ ဆရာမ ဒေါ်စိုးမိုးဦးဖြစ်ပါတယ်။ ဆရာမက မြန်မာနိုင်ငံ မသန်စွမ်း ရှေ့ဆောင်အဖွဲ့က ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်ရဲ့ အလုပ်အကိုင်ရေးရာ   ကော်မတီဥက္ကဌလည်း   ဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း မသန်စွမ်းသူတစ်ယောက် ဖြစ်ပါတယ်ခင်ဗျာ။ တတိယတစ်ယောက်ကတော့ ဆရာ ဆလိုင်းဒေးဗစ် ဖြစ်ပါတယ်။ ဆရာက မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပေးအဖြစ် လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဆရာက မသန်စွမ်းတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိဖို့အတွက် အကူအညီပေးနေတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

ဆရာဒေးဗစ်ကို ကျွန်တော် ပထမဦးဆုံး မေးပါရစေခင်ဗျာ။ ကျွန်တော်တို့နိုင်ငံမှာ ကျွန်တော် ခုနက စောစောက ဆွေးနွေးသွားတဲ့အထဲမှာ ၁ ဒဿမ ၃ သန်းလောက် မသန်စွမ်းတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ ကျွန်တော်တို့နိုင်ငံ ၁ ဒဿမ ၃ သန်းသော မသန်စွမ်းတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းက ရာခိုင်နှုန်းက ဘယ်လောက်လောက် ရှိနေလဲ။ သူတို့အတွက် ဘယ်လိုအခြေအနေတွေ   ဖြစ်နေလဲ။ အခက်အခဲတွေ ဘယ်လိုတွေ ဖြစ်နေတယ်ဆိုတာကို ဆရာ အတွေ့အကြံုလေးကို ရှင်းပြပါဦးခင်ဗျ။

ဦးဒေးဗစ်

(မသန်စွမ်းသူများ အလုပ်အကိုင် ရှာဖွေရေးစင်တာ)

ဟုတ်ကဲ့ပါ။ အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော်ကတော့ မသန်စွမ်းသူတွေ အလုပ်အကိုင်ရရှိရေးအတွက်ကို ကျွန်တော် ၂၀၁၂ လောက်ကနေ အခုချိန်ထိ ကျွန်တော်တက်နိုင်သမျှ ကူညီဆောင်ရွက်ပေးပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း နယ်ကနေ ရန်ကုန်ကို တက်လာပြီးတော့ အလုပ်လုပ်တဲ့အခါမှာ စပြီးတော့ အလုပ်လုပ်တဲ့အခါမှာ အခက်အခဲတွေ အများကြီး ရင်ဆိုင်ကြံုတွေ့ခဲ့ရတယ်။ အဲတော့ နောက်ပိုင်းမှာလည်း အလုပ်စလုပ်တဲ့လူတွေကို ကျွန်တော် တက်နိုင်သလောက် ကူညီပေးချင်တယ်။ ပြီးတော့ မသန်စွမ်း ညီအစ်ကိုမောင်နှမတွေလည်း အလုပ်လုပ်တဲ့အခါမှာ အခက်အခဲတွေ ရှိနေတယ်လို့ ကျွန်တော် ကြားတဲ့အခါမှာ ကျွန်တော် တက်နိုင်သလောက် ကူညီဆောင်ရွက်ပေးနေခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော် AAR Japan မသန်စွမ်းသူများ အသက်မွေးသင်တန်းကျောင်းရဲ့ အလုပ်အကိုင် ရရှိရေးအပိုင်းကိုလည်း တာဝန်ယူပြီးတော့ ဆောင်ရွက်နေတဲ့အခါမှာ အလုပ်အကိုင် ချိတ်ဆက်တဲ့အပိုင်းကို ကျွန်တော် အဓိက ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

အဲ့တော့ ဒီမသန်စွမ်းသူတွေ အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ အဓိက ကြံုတွေ့နေရတဲ့ အခက်အခဲတွေကတော့ မသန်စွမ်းသူတွေ အများစုက သူတို့ အခုမှ အလုပ်စလုပ်ဖူးတဲ့လူတွေ များပါတယ်။ အခုမှ စလုပ်ဖူးတဲ့လူတွေ များတဲ့အတွက် လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါမှာ လုပ်ငန်းခွင်မှာ သူတို့အတွက် ဘယ်လိုမျိုး ပြင်ဆင်လုပ်ဆောင်ရမလဲဆိုတဲ့ အပိုင်းလေးတွေကိုလည်း သူတို့ အတွေ့အကြံု နည်းတဲ့အခါမှာ သူတို့ကို ဒီအပိုင်းလေးတွေ အခက်အခဲလေးတွေ တွေ့ရတဲ့အခါမှာ အများစုက ဒီအခက်အခဲတွေကို ကြိုတင်ပြင်ဆင်မှု အားနည်းတဲ့အခါမှာ ရေရှည်အလုပ်လုပ်ဖို့အတွက် ခက်ခဲတာမျိုးနဲ့ ကြံုတွေ့ရတယ်။

နောက်တစ်ခုက လုပ်ငန်းခွင်ရဲ့ အခြေအနေပေါ့နော် အများစု မသန်စွမ်းသူတွေနဲ့ မကိုက်ညီတဲ့ လုပ်ငန်းခွင်မျိုး ဖြစ်နေတဲ့အခါမှာ သူတို့ သွးရေးလာရေကအစ အဆင်မပြေတာမျိုး ပြီးတော့ လုပ်ငန်းခွင်မှာ အထူးသဖြင့် Toilet တို့ သုံးစွဲရေးအပိုင်းမှာလည်း ခက်ခဲတဲ့အခါမှာ ရေရှည်အလုပ်လုပ်ဖို့အတွက် ခက်ခဲတာလည်း ရှိပါတယ်။

နောက်ပြီးတော့ အလုပ်ရှင်တွေက မသန်စွမ်းသူတွေနဲ့ အလုပ်လုပ်တဲ့ အတွေ့အကြံု သိပ်မရှိတဲ့အခါမှာ မသန်စွမ်းသူတွေကို လက်ခံဖို့အတွက် သူတို့မှာ စိုးရိမ်ပူပန်မှုတွေရှတယ်။ အဲလိုမျိုးရှိတဲ့အခါမှာ သူတို့ကနေ မသန်စွမ်းသူတွေကို အလုပ်ခန့်ထားဖို့အတွက် တစ်ချို့ကလည်း သူတို့ စဉ်းစားပါဦးမယ်။ နောက်မှ ပြန်ဆက်သွယ်ပါမယ်ဆိုတဲ့ ပုံစံမျိုးလေးနဲ့ အဲလိုမျိုး ပုံစံမျိုးတွေကိုလည်း အများကြီး ကျွန်တော်တို့ ကြံုတွေ့ရပါတယ်ခင်ဗျ။

ဦးမျိုးသန့် (တာဝန်ခံအယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့ ဒါကတော့ အခက်အခဲတွေပေါ့နော်။ ဆရာမ ဒေါ်စိုးမိုးဦးတို့ အနေနဲ့ရော အလုပ်အကိုင်ရေးရာကော်မတီရဲ့ ဥက္ကဋ္ဌဆိုတော့ ဒီမသန်စွမ်းတွေ အလုပ်အကိုင် ရရှိရေးအတွက် ဘယ်လိုအခြေအနေတွေနဲ့ ကြံုတွေ့နေရလဲ။

မစိုးမိုးဦး (အလုပ်အကိုင်ရေးရာကော်မတီ ဥက္ကဋ္ဌ)

မြန်မာနိုင်ငံ မသန်စွမ်းသူများ အဖွဲ့ချုပ်

ကျွန်မအနေနဲ့ကတော့ ဒီ မသန်စွမ်းတဲ့လူတွေ အလုပ်အကိုင် ရရှိဖို့အတွက် အခက်အခဲတွေပေါ့နော် အဲဒီအခက်အခဲမှာ ကျွန်မ လေးခု ပြောချင်ပါတယ်။

ပထမဆုံးတစ်ခုကတော့ ကျွန်မတို့တွေ အလုပ်အကိုင် ရရှိဖို့အတွက် အဓိကက အခု မြန်မာနိုင်ငံရဲ့ အနေအထားအရ ပညာအရည်အချင်းပေါ့။ ပညာအရည်အချင်းဆိုတဲ့အခြေအနေမှာ အတန်းပညာ ရှိထားရမယ်ပေါ့။ ဆိုတဲ့အခါကျတော့ မြန်မာနိုင်ငံရဲ့ အနေအထားအရ မသန်စွမ်းသူအများစုက ငယ်ငယ်လေးကတည်းက ပညာသင်ကြားဖို့ အရမ်းခက်ခဲကြတယ်။ ပြီးခဲ့တဲ့ မကြာသေးခင်ကမှ ယူနီဆက်က ကောက်ထားတဲ့ စစ်တမ်းတစ်ခုအရဆိုရင် မြန်မာနိုင်ငံမှာ မသန်စွမ်းသူဦးရေရဲ့ ၆၇ ရာခိုင်နှုန်းက မူလတန်းပညာကို သင်ကြားခွင့် မရကြဘူးပေါ့နော်။ အဲဒီအခါမှာ အဓိကနံပါတ်တစ် ပညာရေးမှာ တန်းတူသင်ကြားခွင့် မရတဲ့အခါမှာ အလုပ်အကိုင်အတွက် အခက်အခဲရှိတယ်ပေါ့။ ဒါကတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့ အခက်အခဲဖြစ်တယ်။

နောက်တစ်ခုကတော့ အတားအဆီးတွေပေါ့နော် အတားအဆိးဆိုတဲအခါမှာ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးပေါ့။ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးကတော့ ခုနက ဆရာဒေးဗစ် ပြောသွားတဲ့အထဲမှာလည်း ပါတယ်။ အဆောက်အဦးတွေပေါ့နော်။ ကျွန်မတို့ကို အလုပ်ခန့်ချင်တဲ့သူကတော့ ကမ်းလှမ်းပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အလုပ်ခန်းက လေးလွှာ ငါးလွှာ လှေကားထစ်တွေကို သွားရမယ့် အခြေအနေမှာ ကျွန်မတို့ မသန်စွမ်းတဲ့သူတွေက ဒီလှေကားထစ်ကို တက်ဖို့ အခက်အခဲရှိတဲ့အခါကျတော့ အလုပ်အကိုင်အခက်အခဲတွေ ရှိတယ်ပေါ့နော်။

နောက်တစ်ခုကကျတော့ လမ်းတံတားတွေပေါ့။ လမ်းတွေမှာဆိုရင်လည်း ကျွန်မတို့တွေ ဒီအလုပ်ကိုသွားဖို့အတွက် ဘတ်စ်ကားတွေဆိုရင်လည်း ကျွန်မတို့အတွက် အဆင်မပြေဘူး။ ဆိုတဲ့အခါကျတော့ ကျွန်မတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးတွေက အခက်အခဲဖြစ်တယ်။ နောက်တစ်ခုကတော့ ဒီအလုပ်ရှင်တွေနဲ့ အဓိက ပတ်သက်တယ် စိတ်ပိုင်းဆိုင်ရာ အတားအဆီးပေါ့။ ဆိုလိုချင်တာကတော့ ကျွန်မတို့ မသန်စွမ်းသူတစ်ယောက် အလုပ်လာလျှောက်ပြီဆိုရင် အပေါ်ပိုင်းကိုပဲ ကြည့်ပြီးတော့ ကျွန်မတို့မှာ ဘာအရည်အချင်းရှိလဲဆိုတာကို သူတို့ မစမ်းသပ်ဘူး။ သေသေချာချာ အင်တာမဗျူး မကြည့်ဘူး။ ကျွန်မတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုပဲ ကြည့်ပြီးတော့ မသန်စွမ်းသူဖြစ်တဲ့အခါကျတော့ ဒီအလုပ်အကိုင်အခွင့်အလမ်းကနေ တားဆီးကန့်သတ်ချက်တွေ ရှိနေတယ်။ ဒါကတော့ စိတ်ပိုင်းဆိုင်ရာ အတားဆီးပါ။

နောက်တစ်ခုကတော့ မူဝါဒပိုင်းဆိုင်ရာ အတားအဆီးပေါ့။ မူဝါဒပိုင်းဆိုင်ရာ အတားအဆီးကတော့ အခုချိန်ထိလည်း ကျွန်မတို့ မသန်စွမ်းသူတွေ အကြိမ်ပေါင်း မရေတွက်နိုင်အောင်   ပြောနေပေမယ့်လည်း အခုလက်ရှိအခြေအနေထိလည်း ရင်ဆိုင်နေရစဲပေါ့နော်။ အဲဒါကတော့ ဘာတွေလည်းဆိုရင် အလုပ်ခေါ်စာတွေမှာ ကျန်းမာသန်စွမ်းသူ ဖြစ်ရမည်ဆိုတဲ့ အချက်ပေါ့နော်။ အဲဒီအချက်ဟာဆိုရင် ဒီစာကြောင်းလေးတစ်ကြောင်း ထည့်လိုက်တာနဲ့ ကျွန်မတို့ မသန်စွမ်းသူတွေကို ဒီအလုပ်ကို လာမလျှောက်တော့နဲ့ဆိုတာမျိုး ပြောလိုက်တာနဲ့ အတူတူပဲပေါ့နော်။ ကျွန်မတို့တွေက ကိုယ့်ရဲ့အရည်အချင်း ကန့်သတ်ချက်နဲ့ အလုပ်ခေါ်တာနဲ့ ကိုက်ညီလို့ ကျွန်မတို့က လျှောက်ခဲ့မယ်ဆိုရင်တောင်မှ ဒီစာကြောင်းတစ်ကြောင်း ပါနေတဲ့အတွက် ဒါ မသန်စွမ်းသူတွေကို အလုပ်အကိုင်အခွင့်အလမ်းကနေ ဝေးကွာစေတဲ့ အနေအထားတစ်ခုပေါ့နော်။ ဒီလိုမျိုးအခက်အခဲတွေကနေ ကျွန်မတို့ ရင်ဆိုင်နေရတာတွေ ရှိပါတယ်။

ဦးမျိုးသန့် (တာဝန်ခံအယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ဆရာမ ဒေါ်ယုယုဆွေကိုလည်း ကျွန်တော် မေးပါရစေ။ သူတို့မှာတော့ ဒါ လက်တွေ့လည်း ကြံုနေရတဲ့ အခက်အခဲတွေပေါ့နော်။ ဆိုတော့ လူမှုဝန်ထန်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဌာနရဲ့ ပြန်လည်ထူထောင်ရေး ဌာနခွဲအနေနဲ့ရော ခုနကပြောတဲ့ မသန်စွမ်းတွေရဲ့ ၆၇ ရာခိုင်နှုနး်ဟာဆိုရင် ပညာသင်ကြားခွင့် မရဘူးဆိုတော့ ပြန်လည်ထူထောင်ရေး ဌာနခွဲအနေနဲ့ရော ကျွန်တော်တို့ရဲ့ ဒီမသန်စွမ်းတွေအတွက် ဘာတွေများ လုပ်ပေးနိုင်ပြီလဲ။ မူဝါဒတွေ ဘယ်လိုရှိလဲ။

ဒေါ်ယုယုဆွေ (ပြန်လည်ထူထောင်ရေး ညွှန်ကြားရေးမှူး)

လူမှုဝန်ထမ်း ဦးစီးဌာန

ဟုတ်ကဲ့ ကျွန်မတို့ လူမှုဝန်ထမ်း ကယ်ဆည်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ မသန်စွမ်းသူတွေအတွက်ကို အဓိက တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲလိုဆောင်ရွက်တဲ့အခါမှာ ကျွန်မတို့အနေနဲ့က အပိုင်း သုံးပိုင်းရှိပါတယ်။ အထူးသဖြင့် အလုပ်အကိုင်ကဏ္ဍနဲ့ ပြောမယ်ဆိုရင်လည်း စဉ်းစားစရာ အချက်သုံးချက်ပေါ့နော်။ တစ်ခုကတော့ မူဝါဒပိုင်းပါ။ မူဝါဒပိုင်း ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါတယ်။ ပြီးတဲ့အခါမှာတော့ အလုပ်ရှင်တွေ အလုပ်လက်ခံမယ့်သူတွေရဲ့ အပိုင်းပါ။

နောက်တစ်ခုကတော့ မသန်စွမ်းသူတွေရဲ့ အပိုင်းပေါ့နော်။ မူဝါဒအပိုင်းအနေနဲ့ကတော့ ကျွန်မတို့ မြန်မာနိုင်ငံမှာ နိုင်ငံတကာနဲ့ ပြောမယ်ဆိုရင်တော့ ကုလသမဂ္ဂ မသန်စွမ်းသူများဆိုင်ရာ အခွင့်အရေးဆိုင်ရာ ကွန်ဘန်းရှင်းကို လက်မှတ်ရေးထိုးတယ်။ အဲဒီ လက်မှတ်ရေးထိုးဖို့အတွက်ကိုလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေနဲ့ လိုအပ်တာတွေကိုလည်း ကျွန်မတို့ ဌာနအနေနဲ့ ဦးဆောင်ပြီးတော့ ဆောင်ရွက်ခဲ့တယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ ကျွန်မတို့ လက်မှတ်ရေးထိုးခဲတယ်။ ရေးထိုးပြီးတဲ့အခါမှာ အဲဒီမှာ မသန်စွမ်းသူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း စွမ်းရည်မြင့်တင်ရေး စသည်ဖြင့် ပညာရေး ဒါတွေအားလုံးပါတယ်။ ဒါတွေကို ကိုယ့်နိုင်ငံအတွင်းမှာ အကောင်အထည်ဖော်ဖို့အတွက် ပြည်တွင်းဥပဒေ ရေးဆွဲပါတယ်။

အဲတော့ ၂၀၁၅ ခုနှစ်မှာ မသန်စွမ်းသူများရဲ့ အခွင့်အရေး ဥပဒေဆိုတာကို ကျွန်မတို့ ပြဌာန်းနိုင်ခဲ့ပါပြီ။ အဲဒီဥပဒေမှာ ကျွန်မတို့ မသန်စွမ်းသူများအတွက်ကို အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ ကျွန်မတို့ သီးခြားအခန်းတစ်ခုအနေနဲ့ကို ကျွန်မတို့ ထည့်ထားပါတယ်။ ထည့်ထားပြီးတော့ အဲဒီမှာက ဘာတွေပါမလဲဆိုတော့ မသန်စွမ်းသူတွေကို အလုပ်ခန့်ထားဖို့တင်မဟုတ်ဘူး မသန်စွမ်းသူတွေ အလုပ်ခွင်မှာ အဆင်ပြေဖို့အတွက် လိုအပ်တဲ့ ခုနကပြောသွားတယ် အတားအဆီးကင်းတဲ့ ဥပဒေတွေဖြစ်ဖို့ သူတို့ရဲ့ သင့်လျှော်တဲ့ အလုပ်အကိုင်တွေဖြစ်ဖို့ နောက်တစ်ခါ အလုပ်မပေးနိုင်လို့ရှိရင် ဘာလုပ်ပေးရမလဲဆိုတဲ့ အခြေအနေမျိုးအထိ အဲဒါတွေအပြင်ကို မသန်စွမ်းသူတွေ အလုပ်အကိုင် အခွင့်အလမ်းရဖို့ အသက်မွေးဝမ်းကြောင်း ပညာသင်ကြားဖို့တွေကိုပါ ဒီဥပဒေမှာ ပြဌာန်းထားခဲ့ပါတယ်။

အဲဒါနည်းတူ ကျွန်မတို့က မသန်စွမ်းသူတွေအတွက်ကို ကျွန်မတို့ဌာနအနေနဲ့ မဟာဗျူဟာ စီမံကိန်းကြီး ရေးဆွဲထားတာရှိပါတယ်။ ၂၀၁၆-၂၀၂၅ ဆယ်နှစ် မဟာဗျူဟာစီမံကိန်းပါ။ အဲဒီမှာလည်း ဦးစားပေးကဏ္ဍတွေထဲမှာ မသန်စွမ်းသူတွေရဲ့ အလုပ်အကိုင် ဦးစားပေး ကဏ္ဍတစ်ခုလည်း အပါအဝင်ဖြစ်ပါတယ်။ အလုပ်အကိုင်ဆိုတာက ကျွန်မတို့ဘက်က မူဝါဒတွေ ချပေးရုံနဲ့တင်မဟုတ်ဘူး။ ကျွန်မတို့ အဓိက မူဝါဒတွေချပေးတယ်။ မူဝါဒတွေနဲ့အတူ ကျွန်မတို့ အကောင်အထည်ဖော်ဖို့တွေလည်း ပါလာပါတယ်။ အဲတော့ တစ်ခု အားလုံးသိဖို့လိုတာက မသန်စွမ်းသူတွေရဲ့အရေးဟာ ကျွန်မတို့ဌာနတစ်ခုတည်းတင် လုပ်ရမှာမဟုတ်ဘူး မသန်စွမ်း အဖွဲ့အစည်းတွေတင် လုပ်ရမှာမဟုတ်ဘူး မသန်စွမ်းသူတွေကိုယ်တိုင်လည်း လုပ်ရမှာမဟုတ်ဘူးဆိုတာ ကျွန်မတို့အားလုံး သိဖို့လိုပါတယ်။ အားလုံးလုပ်ဖို့ လိုပါတယ်။

အဲတော့ အလုပ်ပေးမယ့်သူတွေလည်း မသန်စွမ်းသူတွေရဲ့ စွမ်းရည်ကို အသိအမှတ်ပြုဖို့ လိုပါတယ်။ အသိအမှတ်ပြုပြီးတော့ နေရာပေးတဲ့အခါမှာလည်း မသန်စွမ်းသူတွေ ကိုယ်တိုင်ကလည်း   ပေးတဲ့နေရာနဲ့ ထိုက်တန်တဲ့ အရည်အချင်း ရှိဖို့လိုပါတယ်။ အဲတော့ ကျွန်မတို့က မသန်စွမ်းသူတွေရဲ့ စွမ်းရည်မြင့်တင်ဖို့ကိုလည်း မူဝါဒတွေမှာ ထည့်ပြီးတော့ ရေးကြတယ်။ ပြီးတဲ့အခါမှာ စွမး်ရည်မြင့်တင်ဖို့ကို လိုအပ်တဲ့ ဆောင်ရွက်မှုတွေကိုလည်း ကျွန်မတို့ ဆောင်ရွက်ပေးပါတယ်။ အဲတော့ ပညာရေးအရသော်လည်ကောင်း အလုပ်အကိုင်ရသော်လည်း ကျွန်မတို့ဌာနအနေနဲ့က မူဝါဒပိုင်းတွေ ခိုင်မာအောင်လုပ်ပေးတယ်။ ပေါင်းစပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်ပါတယ်။ အဲဒီအခါမှာ ပညာရေးအရဆိုရင်လည်း ပညာရေးဌာနအတွက် လိုအပ်တာတွေကို ကျွန်မတို့ကနေပြီးတော့ မသန်စွမ်းနဲ့ပတ်သက်တဲ့ နည်းပညာပိုင်းတွေ လိုအပ်တဲ့ ပါဝင်ဆွေးနွေးမှုတွေ ကျွန်မတို့ ပံ့ပိုးမှုတွေကို ဆောင်ရွက်ပေးနေတာပါ။ မသန်စွမ်းသူတွေရဲ့ ပညာရေးကဏ္ဍကို ပြောမယ်ဆိုရင်တော့ ဒါက သီးခြားကဏ္ဍတစ်ခုအနေနဲ့ ကျွန်မတို့ ပြောဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly