ချက်စတာဘန်နင်တန်၏ စျာပနအခမ်းအနားကို ကယ်လီဖိုနီးယား၌ကျင်းပ

ချက်စတာဘန်နင်တန်၏ စျာပနအခမ်းအနားကို ကယ်လီဖိုနီးယား၌ကျင်းပ

အသက် ၄၁နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သော Linkin Park ဂီတအဖွဲ့၏ ဦးဆောင်အဆိုတော်ဖြစ်သူ ချက်စတာဘန်နင်တန်၏ စျာပနအခမ်းအနားကို သူကွယ်လွန်ပြီး တစ်ပတ်အကြာတွင် ပြုလုပ်ခဲ့သည်။

ထိုစျာပန အခမ်းအနားကို ကယ်လီဖိုးနီးယားပြည်နယ် ပါလော့စ်ဗာဒက်စ်မြို့ရှိ သူ၏ နေအိမ်အနီးတွင် သီးသန့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း TMZ ၏ အဆိုအရ သိရသည်။

စျာပနသို့ တက်ရောက်ခဲ့သော ဧည့်သည်များအား လက်ပတ်ကြိုးလေးများ ပေးအပ်ခဲ့ပြီး VIP ဖျော်ဖြေပွဲများသို့ ၀င်ရောက်သည့် ပုံစံအတိုင်း ၀င်ခဲ့ရကြောင်း သိရသည်။

သူ၏စျာပနအခမ်းအနားတွင် ဒရမ်တူရီယာပါ၀င်သော စတိတ်စင်တစ်ခုကိုလည်း ပြင်ဆင်ပေးထားခဲ့ကြသည်။ မိတ်ဆွေများ၊ ဂီတပညာရှင်များနှင့် မိသားစုဝင် ၂၀၀ ခန့်သည် ထိုစျာပနအခမ်းအနားသို့ လာရောက်ခဲ့ကြ သည်။

ချက်စတာဘန်နင်တန်၏ အလောင်းကို လွန်ခဲ့သော ဇူလိုင် ၂၀ရက်နေ့က လော့စ်အိန်ဂျယ်လိစ်ရှိ သူ၏သီးသန့် နေအိမ်အနီးတွင် ရှာတွေ့ခဲ့ကြသည်။ သေမှုသေခင်း စုံစမ်းစစ်ဆေးရေးအရာရှိက အဆိုတော်သည် သူ့ကိုယ်သူ ကြိုးဆွဲချ၍ သေကြောင်းကြံစည်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

ချက်စတာကွယ်လွန်အပြီးတွင် အင်တာနက်ပေါ်၌ Linkin Park အဖွဲ့၏ သီချင်းများကို နားဆင်မှုများ နဂိုထက် ပိုမိုမြင့်တက်လာခဲ့ပြီး ပြီးခဲ့သောအပတ်က ဗြိတိန်၏ နားထောင်မှုအများဆုံး သီချင်းဇယားများတွင် Linkin Park အဖွဲ့၏ သီချင်းများ လွှမ်းမိုးထားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly