ရုရှားနိုင်ငံအတွင်းရှိ အမေရိကန်သံရုံးမှ အမှုထမ်း ရ၅၅ဦးကို ဖြုတ်ချရန် ပူတင်စီစဉ်

ရုရှားနိုင်ငံအတွင်းရှိ အမေရိကန်သံရုံးမှ အမှုထမ်း ရ၅၅ဦးကို ဖြုတ်ချရန် ပူတင်စီစဉ်

မော်စကို၊ ဇူလိုင် ၃၁ ။            ။ ရုရှားသမ္မတ ဗလက်ဒီမာပူတင်က သူ၏နိုင်ငံအတွင်းရှိ အမေရိကန်သံရုံးမှ သံတမန်များ အပါအဝင် အမှုထမ်း ရ၅၅ဦးသည် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ အလုပ်များကို ရပ်ဆဲကာ အနားယူရတော့မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့က ကြေညာခဲ့သည်။

ရုရှားနိုင်ငံအတွင်းရှိ အမေရိကန်သံရုံးတွင် ရုံးအလုပ်ပေါင်း ၁၀၀၀ ကျော်ခန့်ရှိပြီး ထိုထဲမှ ရ၅၅ နေရာခန့်သည် ယခုအခါတွင် ရပ်ဆိုင်းရတော့မည်ဖြစ်ကြောင်း ပူတင်က ရုရှားနိုင်ငံပိုင်ရုပ်သံ Rossiya 1 နှင့် အင်တာဗျူး၌ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံအတွင်းရှိ ရုရှားသံရုံး၌ ရုံးအမှုထမ်း ၄၄၅ ဦးကိုသာ ခွင့်ပြုထားသောကြောင့် ထိုအရေအတွက် နှင့် ညီမျှသွားရန် ရုရှားနိုင်ငံအတွင်း၌ အမေရိကန် သံတမန်အမှုထမ်းများကို   လျှော့ချပေးဖို့ မော်စကိုဘက်မှ ပြီးခဲ့သော သောကြာနေ့က တောင်းဆိုခဲ့သည်။

ဒါ့အပြင် သြဂုတ်လ ၁ ရက်နေ့မှစတင်ပြီး အမေရိကန်သံရုံးအနေဖြင့် မော်စကိုမြို့တွင်းမှ ခြံဝန်းကိုအသုံးပြု၍ မရတော့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

တဆက်တည်းတွင် ပူတင်က အမေရိကန်လွှတ်တော်မှ အတည်ပြုလိုက်သည့် ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မည့် ပြဌာန်းချက်အား တုံ့ပြန်ဖို့ နယ်ပယ်မြောက်မြားစွာရှိကြောင်း သတိပေးခဲ့သည်။

“ကျနော်တို့ကို တကယ်အရေးယူ ပိတ်ဆို့တော့မယ့် အချိန်ရောက်လာတဲ့အခါမှာ ပြန်လည်တုံ့ပြန်ဖို့ အခြားသော ရွေးချယ်စရာတွေကို စဉ်းစားနေပါတယ်။ ဒါပေမယ့် အဲ့ဒီလောက်အထိ မဖြစ်သွားဖို့ ကျနော်မျှော်လင့်ပါတယ်” ဟု ရုရှားတို့ဘက်မှ ပြန်လည်တုံ့ပြန်မည့် လုပ်ဆောင်ချက်များကို ပူတင်က သွယ်ဝိုက်ပြီး ပြောကြားခဲ့သည်။

“အခြေအနေတွေဟာ တနည်းနည်းနဲ့ ပြောင်းလဲသွားမယ်လို့ ကျနော်တို့မျှော်လင့်နေပါတယ်။ တကယ်လို့ ပြောင်းလဲမယ်ဆိုရင်တောင်မှ မြန်မြန်ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ပူတင်က သမ္မတဒေါ်နယ်ထရမ့် လက်မှတ် ထိုးအတည်ပြုဖို့သာ ကျန်တော့သည့် ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မည့် မူကြမ်းအား ရည်ညွှန်း၍ ဆက်လက် ပြောဆိုခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly