နိုင်ငံရေးအရ ဖမ်းဆီးခံရသူများ၊ တရားရင်ဆိုင်နေရသော ကျောင်းသားပြည်သူများ ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးရေး ရှစ်လေးလုံး အခမ်းအနားကတောင်းဆို

နိုင်ငံရေးအရ ဖမ်းဆီးခံရသူများ၊ တရားရင်ဆိုင်နေရသော ကျောင်းသားပြည်သူများ ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးရေး ရှစ်လေးလုံး အခမ်းအနားကတောင်းဆို
၂၇ နှစ်မြောက်  ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားကို သြဂုတ်  ၈ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်  သုမင်္ဂလာလမ်းရှိ ကျိုက္ကဆံ ဓမ္မပီယ သာသနာ့ ရိပ်သာတွင်ပြူလုပ်ကျင်းပ နေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ သက်ကို

နိုင်ငံရေးအရ ဖမ်းဆီးခံရသူများ၊ တရားရင်ဆိုင်နေရသော ကျောင်းသား ပြည်သူများ အားလုံးကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် ၂၇ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားက ဆုံးဖြတ်တောင်းဆိုလိုက်သည်။

၂၇ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားကို သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ ဓမ္မပီယကျောင်းတိုက်တွင် ဒီမိုကရေစီအင်အားစုများ စုပေါင်းပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး အခမ်းအနားအပြီးတွင် အချက်သုံးချက်ပါသော ဆုံးဖြတ်ချက်ထုတ် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

တောင်းဆိုရာတွင် အထက်ပါ အချက်အပြင် ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်များကို ဆက်လက် အကောင်အထည်ဖော်ရန်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားနှင့် ဒီမိုကရေစီ အင်အားစုများ အနိုင်ရရေး ဝန်းရံကြရန် ဆုံးဖြတ်ခြင်း စသည့် အချက်သုံးချက်ကို ကြေညာလိုက်သည်။

ရှစ်လေးလုံး ငွေရတု ကြေညာစာတမ်းတွင် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည် ထောင်စု နိုင်ငံတော် သစ်ထူ ထောင်ရေး၊ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးတို့ ဖော်ဆောင် ရန်လိုအပ်နေပြီး ယင်းကို ဖော်ဆောင်ရန် အမျိုးသားအင်အားစု အားလုံးပါဝင်သည့် ညီလာ ခံတစ်ရပ်ကျင်းပရန် လိုအပ်သည် စသည့် အချက်များပါဝင်သည်။

သြဂုတ် ၈ ရက်က ကျင်းပသည့် အခမ်းအနားတွင် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးမင်းကိုနိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ဝင်၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ( ALP ) ငြိမ်းချမ်းရေးကော်မတီဝင် ဒေါ်စောမြရာဇာလင်း တို့က အမှာစကားများ ပြောကြားခဲ့သည်။

ယင်းအပြင် သြဂုတ် ၈ ရက်က  ရှစ်လေးလုံး သမိုင်းပြတိုက် ( ယာယီ) နှင့် ပြတိုက်ကော်မတီရုံး ဖွင့်ပွဲကိုလည်း သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းတွင် ကျင်းပခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly