မြန်မာနယ်စပ် အိန္ဒိယ၏ မဏိပူရ်ပြည်နယ်တွင် ခြင်မှတဆင့်ကူးစက်သည့်ရောဂါများကြောင့် ၁၆ ဦးထက်မနည်း သေဆုံး

မြန်မာနယ်စပ် အိန္ဒိယ၏ မဏိပူရ်ပြည်နယ်တွင် ခြင်မှတဆင့်ကူးစက်သည့်ရောဂါများကြောင့် ၁၆ ဦးထက်မနည်း သေဆုံး

ဇူလိုင် ၃၁ ။            ။ မြန်မာနိုင်ငံနှင့် နယ်စပ် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ရှိ ကျေးရွာတစ်ခုတွင် ခြင်မှတဆင့်ကူးစက်သော ရောဂါများကြောင့်  လက်ရှိအချိန်ထိ လူ ၁၆ ဦးထက်မနည်း သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေးဝန်ကြီး L Jayentakumar က ဇူလိုင် ၃၀ ရက်တွင် ပြောကြားသည်။

တစ်ချိန်တည်းမှာပင် အခြားဒေသတစ်ချို့တွင်လည်း အလားတူ ရောဂါများကြောင့် သေဆုံးသူ လေးဦး ရှိခဲ့သည်ဟု ယူဆရကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

ခြင်ကိုက်ခြင်းကြောင့် ဖြစ်ရသည့် အဆိုပါ ရောဂါများ  ပြည်နယ်ရှိ ဒေသတစ်ချို့တွင် ဖြစ်ပွားနေခဲ့သည်ဟု သုံးသပ်ထားကြောင်း၊ နယ်စပ်ဖြတ်ကျော် သွားလာမှုများရှိနေခဲ့ရာမှဆင့် ပြန့်နှံ့ကူးစက်နေသည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

Churachandpur ဒေသတစ်ခုတွင်းမှာပင် ခြင်ကိုက်ခြင်းကြောင့် ဖြစ်သည့် ရောဂါများ ကူးစက်ခံထားရသူ ၂၀၀ ကျော် ရှိနေကြောင်း ပြည်နယ်ဝန်ကြီးချုပ် N Biren Singh က ပြောသည်။

ယခု သေဆုံးမှုများ ရှိခဲ့သည့် Henglep ကျေးရွာနှင့်အတူ အခြားကျေးရွာများမှ လူပေါင်း ၁၀၀ ကျော်ကိုလည်း ဆေးဝါးကုသမှုခံယူနိုင်ရေး သက်ဆိုင်ရာဆေးကုသမှုဌာနများသို့ အစိုးရရန်ပုံငွေဖြင့် ပို့ဆောင်ပေးနေလျက်ရှိကြောင်း သိရသည်။

" ခုမနက်မှာပဲ Churachandpur ဒေသကို ဆရာဝန် ၁၅ ယောက်နဲ့ ဆေးဘက်အကူ ၃၀ ကျွန်တော်တို့လွှတ်လိုက်ပါတယ်၊ အခြေအနေကို နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ဖို့့ပါ၊ တစ်ခြားကူးစက်ထားတဲ့ ဒေသတွေကို လာရောက်တဲ့သူတွေကို စစ်ဆေးကြည့်ဖို့ နယ်စပ်မြို့တွေမှာလည်း ကျန်းမာရေးဝန်ထမ်းတွေ ချထားပြီးပါပြီ" ဟု N Biren Singh က ပြောသွားသည်။

တစ်ချိန်တည်းမှာပင် သေဆုံးသွားသူတစ်ဦး၏ ဇနီးသည်ဖြစ်သူက သူမခင်ပွန်း သေဆုံးရခြင်း၏ အကြောင်းရင်းကိုထုတ်ပြောရန် အာဏာပိုင်များထံသို့ တောင်းခံခဲ့သည်ဟု သိရသည်။ ကျန်းမာရေးတာဝန်ရှိသူများက ၎င်းသေဆုံးရခြင်း၏အကြောင်းရင်းမှာ ၀က်တုပ်ကွေး H1N1 ကူးစက်ခံရသည်ဟု သံသယရှိကြောင်း၊ ၎င်းကိုယ်ခန္ဓာအတွင်းမှ အရည်နမူနာတစ်ချို့ကို စစ်ဆေးရန် သက်ဆိုင်ရာသို့ ပို့ဆောင်ထားကြောင်း ပြောသည်။ သို့သော် ၎င်းအမျိုးသားမှာ ရလဒ်မသိရခင်မှာပင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly