ထိုင်ဝမ်တွင် နီဆက်တိုင်ဖုန်းမုန်တိုင်း ပြင်းထန်စွာတိုက်ခတ်နေပြီး လူ ၂ဦးသေဆုံး

ထိုင်ဝမ်တွင် နီဆက်တိုင်ဖုန်းမုန်တိုင်း ပြင်းထန်စွာတိုက်ခတ်နေပြီး လူ ၂ဦးသေဆုံး

တိုင်ပေ၊ ဇူလိုင် ၃၀ ။         ။ ထိုင်ဝမ်နိုင်ငံမြောက်ပိုင်းတွင် တနင်္ဂနွေနေ့အစောပိုင်း၌ နီဆက်တိုင်ဖုန်းမုန်တိုင်း ပြင်းထန်စွာ တိုက်ခတ်နေသော ကြောင့် လေပြင်းများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများ   ဖြစ်ပေါ်နေပြီး နေအိမ်အမြောက်အမြားတွင် လျှပ်စစ်မီး ပြတ်တောက်နေကာ ကုန်လမ်းခရီးနှင့် လေကြောင်းခရီးစဉ်များကိုလည်း ဖျက်သိမ်းထားရသည်။

ထိုင်ဝမ်အရှေ့ပိုင်းရှိ ဟွာလိမ်တောင်ပေါ်မှ ပြန်ဆင်းလာသော တောင်တက်သမား အမျိုးသားတစ်ဦးသည် လမ်းတွင်သေဆုံးခဲ့ပြီး စပါးစိုက်ပျိုးနေသော အမျိုးသမီးတစ်ဦးသည် စပါးစိုက်ပျိုးသည့်စက် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည်။

နီဆက်မုန်တိုင်းသည် ထိုင်ဝမ်နိုင်ငံ၌ ယခုနှစ်အတွင်း ပထမဦးဆုံးတိုက်ခတ်သည့် တိုင်ဖုန်းမုန်တိုင်းဖြစ်သည်။ ပစိတ်ဖိတ်သမုဒ္ဒရာအတွင်းမှ ထိုင်ဝမ်၏ အရှေ့တောင်ဘက်ခြမ်းသို့ ဦးတည်လာသောမုန်တိုင်းသည် လမ်းကြောင်းပြောင်းပြီး နိုင်ငံမြောက်ပိုင်းသို့ ၀င်ရောက်သွားခဲ့သောကြောင့် အပျက်အစီး အဆုံးအရှုံးများ နည်းပါးခဲ့ရခြင်းဖြစ်သည်။

သို့သော်လည်း မုန်တိုင်း၏လေပြင်းများကြောင့် ထိုင်ဝမ်၏အရှေ့တောင်ပိုင်းတွင် သောကြာနေ့ကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ပြီး ပင်တန်ကောင်တီမှ တန်ကန်မြို့နယ်ရှိ လမ်းမများတွင် ရေလျှံနေသောကြောင့် လူအများအပြားသည် ဒူးဆစ်အထိနစ်မြုပ်သော ရေထဲတွင် ဖြတ်သန်းသွားလာနေရသည်။

နီဆက်မုန်တိုင်း ၀င်ရောက်ခဲ့သော အိုင်လန်ကောင်တီ၌လည်း နေအိမ်ပေါင်း တစ်သိန်းခန့်သည် လျှပ်စစ်မီး ပြတ်တောက်ခဲ့ရသည်။ စနေနေ့ နေ့လည်နှင့် တနင်္ဂနွေနေ့အစောပိုင်းတွင်   ပြည်တွင်းနှင့် နိုင်ငံတကာလေ ကြောင်း ခရီးစဉ်များကို ဖျက်သိမ်းခဲ့သောကြောင့် ခရီးသည်အများအပြား လေဆိပ်၌ သောင်တင်နေကြသည်။

ထိုင်ဝမ်စစ်တပ်မှ နိုင်ငံအရှေ့့ပိုင်းနှင့် တောင်ပိုင်းဒေသများသို့ စစ်သားများကို စေလွှတ်ထားပြီး သဲအိတ်များကို ဖြန့်ဝေနေသလို လူအများအပြားကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေကြသည်။

မုန်တိုင်းဗဟိုချက်မသည် ထိုင်ဝမ်အတွင်းသို့ တနင်္ဂနွေနေ့အစောပိုင်း၌ ဖြတ်သန်းသွားကာ တရုတ်နိုင်ငံ ဖူကျင်း ခရိုင်၏ မြို့တော် ဖူကျိုးမြို့သို့ ဦးတည်ထွက်ခွာ သွားပြီဖြစ်သော်လည်း ပစိဖိတ်သမုဒ္ဒရာ အတွင်း၌ နောက်ထပ် တိုင်ဖုန်းမုန်တိုင်းတစ်ခု ထပ်မံဖြစ်တည်နေပြီး မကြာမီရက်များအတွင်း ထိုင်ဝမ်အတွင်းသို့ ဆက်လက်ဝင်ရောက် လာမည်ဟု ခန့်မှန်းထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly