စကားဝါမြေခရီး အပိုင်း ၂

29 July 2017
စကားဝါမြေခရီး အပိုင်း ၂

ကျွန်မတို့ဟာ အခုဆိုရင် ပုပ္ပားတောင်ကလပ်ကြီးဆီကို သွားနေပါပြီ။ ပုပ္ပားတောင်ကလပ်ကြီးဟာ ထူးခြားဆန်းပြားလှတဲ့ ဒဏ္ဍာရီနတ်သမိုင်းတွေနဲ့ ပြည့်နက်နေတဲ့ နေရာတစ်ခုပါ။ ဒါ့အပြင် တောတောင်ရေမြေ သဘာဝအလှတွေနဲ့လည်း ကျော်ကြားတဲ့နေရာတစ်ခုပါ။

နတ်တို့စံပျော်ရာအဖြစ် တင်စားခဲ့ကြတဲ့ ပုပ္ပားတောင်ကလပ်ဟာ ထူးထူးခြားခြား မတ်စောက် ထိုုးထွက်နေတဲ့ ကျောက်တောင်ကြီးတခုဖြစ်ပါတယ်။ ကလပ်ပုံစံတောင်ပုံစံကြောင့်လည်း တောင်ကလပ်ရယ်လို့ အမည်ပေးခဲ့ကြတာ ဖြစ်မယ်ထင်ပါတယ်။

ပုပ္ပားတောင်ကလပ်ဟာဆိုရင် တောင်မကြီးရဲ့ အနောက်တောင် ယွန်းယွန်းပုပ္ပားမြို့ရဲ့ တောင်ဘက်တည့်တည်မှာတည်ရှိနေပါတယ်။ ပုပ္ပားမြို့ကနေ ၂ မိုင်လောက် ကားနဲ့ သွားရပါတယ်။ တောင်ခြေကိုရောက်ပြီဆိုတာနဲ့ ခြေကျင်ခရီးနဲ့ အပေါ်ဘက်ကိုတက်ရမှာပါ။ စောင်းတန်းအောက်ကလှေကားတွေကနေအလွယ်တကူတက်နိုင်မှာဖြစ်ပါတယ်။ လမ်းတလျှောက်မှာတော့ မျောက်တွေ အများအပြားရှိနေပြီး အဲဒီမျောက်တွေကအတော့ကို ရဲတင်းကြပါတယ်။

ရိုးရာနတ်ကိုးကွယ်မှုတွေနဲ့ ထင်ရှားလှတဲ့ ပုပ္ပားတောင်ကလပ်ဟာ ရှေးမြန်မာမင်းအဆက်ဆက် သမိုင်းမှတ်တမ်းတင်ခဲ့တဲ့နေရာဖြစ်သလို ကမ္ဘာမြေရဲ့ ဘူမိဗေဒဖြစ်စဉ်အရလည်း အံ့သြစရာတွေနဲ့   ပြည့်နေပါတယ်။

မြေပြင်ကနေကျောက်တိုင်ကြီးပမာထိုးထွက်နေတဲ့ တောင်ကလပ်ရဲ့ အလှဟာ မြန်မာနိုင်ငံရဲ့ ရှားပါးရှုခင်းတွေကိုပါ ခံစားထိတွေ့နိုင်မယ့် နေရာတခုဖြစ်ပါတယ်။ မှိုင်းညို့နေတဲ့ တိမ်တိုက်ကြီးတွေ၊ မြူခိုးတွေကြားမှာတော့ နတ်တို့စံပျော်ရာအဖြစ် တင်စားရလောက်အောင် တကယ့်ကို တမူထူးခြားနေပါတယ်။

စကားဝါပန်းတွေ ပေါတဲ့မြေ။ ဒီမြေဒီဒေသက ကျွန်မအတွက် ပျော်ရွှင်စရာခရီးတခုအဖြစ် စတင်ခဲ့ပါပြီ။ ပုပ္ဖါ၀နပဗ္ဗတ ပန်းတို့ ပေါများရာတောင် .. ပုပ္ပားတောင် ကြီးရှိရာဆီ ကျွန်မရောက်နေတာပါ။ စကားဝါမြေဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာတော့ သဘာဝက ပေးတဲ့ သာယာလှပတဲ့ နေရာတခုဖြစ်ပါတယ်။

ပုပ္ပားမြေကိုရောက်ရင် အမှတ်တရပစ္စည်းဆိုင်တွေမှာ အဝါရောင် စကားဝါပန်းပွင့်လေးတွေထည့်ထားတဲ့ ဖန်ပုလင်းလေးတွေကနေရာတိုင်းမှာ တွေ့ရမှာပါ။ စကားဝါပန်းဟာ ပုပ္ပားဒေသအတွက် အထင်ရှားဆုံးဖြစ်ပြီးအဲဒီပန်းပွင့်လေးတွေကို ကြာရှည်ခံဖို့ ပုလင်းထဲမှာထည့်ပြီး ရောင်းကြပါတယ်။

ဒီဘက်ဒေသတွေမှာတော့ စကားဝါပန်းလေးတွေကို ပုလင်းလေးတွေထဲ ထည့်ပြီးတော့ ပုပ္ပားရဲ့ အိမ်ပြန်လက်ဆောင် ပုပ္ပားဒေသကို လာတဲ့အခါမှာ ခရီးသွားတွေရဲ့ အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်ယူနိုင်ဖို့ ရောင်းချနေတာကို တွေ့ရပါတယ်။ စကားဝါပနး်လေးတွေက ဒီအတိုင်းထားမယ်ဆိုရင် သူ့ရဲ့ သက်တမ်းက တစ်နေ့လောက်ပဲ ခံပါတယ်။ တစ်နေ့ကျော်ရင်တော့ ညှိုးသွားပါတယ်။ ဒါကြောင့်မို့ ကြာရှည်ခံအောင် ပုလင်းလေးတွေနဲ့ စိမ်ပြီးတော့ ခရီးသွားပြည်သူတွေက နှစ်နှစ်ခြိုက်ခြိုက် အဲဒီပုလင်းလေးတွေကို ဝယ်သွားကြတယ်ပေါ့။ ဒါကြောင့်မို့ ဒီပုလင်းလေးတွေကို ဘယ်လိုမျိုးလုပ်တယ် ဆိုတာကို သွားပြီးတော့ လေ့လာကြည်ကြရအောင်ပါ။

ပုလင်းလေးတွေထဲကို ပန်းပွင့်လေးတွေ ထည့်ရပါတယ်။ ထည့်ပြီးတော့ အဲဒီပုလင်းထဲကို အရည်တစ်မျိုး ထည့်ရပါတယ်။ အဲဒီအရည်ကတော့ ကျောက်ချဉ်ရေပါ။ အဲဒီအရည်ကို ဘယ်လိုလုပ်လဲ ဆိုတာကတော့ ကျောက်ချဉ်ကို မီးနဲ့ကျိုပါတယ်တဲ့။ မီးနဲ့ကျိုပြီးတော့မှ ရောတယ်။ ရေရောတာက ရိုးရိုးရေမဟုတ်ပဲနဲ့ မိုးရေကို များသောအားဖြင့် ရောကြပါတယ်။ အဲဒီ ကျောက်ချဉ်ကျိုထားတဲ့ရေတွေကို ဒီပုလင်းထဲကို လောင်းထည့်ပြီး ဖော့စို့လေးနဲ့ လုံအောင် ပိတ်ရပါမယ်။ အဲဒါဆိုရင်တော့ ပုပ္ပားရဲ့လက်ဆောင် စကားဝါပုလင်းလေးတွေ ရပါပြီတဲ့။

ကျွန်မပုပ္ပားကို ရောက်နေတဲ့အချိန်က မိုးရာသီဆိုတော့ ဒီဒေသရဲ့ ထူးထူးခြားခြားဟင်းလျာ တမျိုးကိုလည်း တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ မှိုချဉ်ဟင်းပါ။ မှိုချဉ်က ပုပ္ပားရွာဒေသခံတွေအတွက် ရာသီပေါ်အစားအစာဖြစ်သလို ပြန်လည်ရောင်းချပြီး ၀င်ငွေရှာတဲ့ လုပ်ငန်းတခုလည်း ဖြစ်ပါတယ်။

ပုပ္ပားတောင်မကြီးရဲ့ အနောက်ဘက် ကျောက်စိုင်ကျောက်ကပါးတွေနဲ့ ထီးထီးကြီး ထိုးထွက်နေတဲ့ တောင်ကလပ်ဟာ အမြင့်ပေ ၂၅၀၀ လောက်ရှိပြီး  အဝေးကနေ လှမ်းကြည့်လိုက်ရင်တော့ ရင်သပ်ရှုမောစရာ အလှတွေနဲ့ တွေ့ရမှာပါ။ ပုပ္ပားတောင်ကလပ်ဟာ တောင်မကြီးနဲ့ ဆက်စပ်မနေပဲ သီးခြားထိုးထွက်နေတဲ့ ကျောက်တောင်ကြီးတခု ဖြစ်ပါတယ်။

ဒီသဘာဝ ကျောက်တောင်ကြီးဟာဆိုရင် ကျောက်တုံးကျောက်ချပ်တွေ အထပ်ထပ်နဲ့ ကျောက်သားနံရံကြီးက ထောင်မတ်နေပါတယ်။ ပညာရှင်တွေရဲ့ လေ့လာခန့်မှန်းချက်အရတော့ ပုပ္ပားတောင်ကလပ် ပေါ်ပေါက်လာပုံက အံ့သြစရာကောင်းပါတယ်။ အခုတွေ့နေရတဲ့ တောင်ကလပ်ဟာ ပုပ္ပားမီးတောင်ကြီးရဲ့ အဝမှာ ပိတ်ဆို့နေတဲ့ အဆို့တခုဖြစ်ပြီး မီးတောင်ကြိး ပေါက်ကွဲရာကနေ လွင့်စင့်ထွက်ကျလာတယ်လို့ ခန့်မှန်းထားပါတယ်။

ပုပ္ပားတောင်မကြီးရဲ့ အမြင့်ပေဟာ ပေပေါင်းငါးထောင်နီးပါးဖြစ်ပြီး တောင်ကလပ်ရဲ့ အမြင့်ပေကတော့ အတိအကျ ပြောရရင်တော့ ၂၄၁၇ ပေဖြစ်ပါတယ်။ တောင်မကြီးအမြင့်ရဲ့ တဝက်တိတိ ရှိနေတယ်လို့ ဆိုရမှာပါ။

ပုပ္ပားတောင်ကလပ် အောက်ခြေကို ရောက်ပြီဆိုတာနဲ့ အရင်ဆုံး မြင်ရမှာက ပန်းသည်တွေပါ။ အပေါ်မှာ စေတီပုထားတွေလည်း အများကြီးရှိပါတယ်။ ပြီးတော့ နတ်နန်းတွေလည်း အများကြီးရှိတယ်။ ဒီနေရာတွေမှာ ခရီးသွားပြည်သူတွေ ဘုရားဖူးဧည့်သည်တွေ စည်ကားနိုင်ဖို့အတွက် ပန်းတွေ အများကြီး ရောင်းနေတာပါ။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ထူးခြားလှတဲ့ ဒီနေရာဟာ  စိမ်းညို့အုံ့မှိုင်းနေပြီးအိုအေစစ်တခုလို့တောင် ဆိုနိုင်တဲ့နေရာပါ။ ပုပ္ပားတောင်ကလပ်ရှိရာ ဒေသဟာ အမြင်အားဖြင့် ဆန်းကျယ်လှသလို ရှေးခေတ် ရိုးရာနတ်ကိုးကွယ်မှုတွေရဲ့ တကယ့် အချက်အချာကျတဲ့ နေရာလည်းဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ နတ်တို့ပျော်စံရာ တောင်ကလပ်ဖြစ်ပါတယ်။

ရိုးရာဒဏ္ဍာရီလာ နတ်သမိုင်းပုံပြင်အများအပြားရှိသလို ဒီနေ့အချိန်ထိလဲ အဲဒီယုံကြည်ကိုုးကွယ်မှုတွေက ပုပ္ပားတောင်ကလပ်မှာ အများအပြားရှိနေဆဲဖြစ်ပါတယ်။ ရှေးအခါတုန်းကတော့ ပုပ္ပားတောင်ကလပ်ကို အမည်အမျိုးမျိုးနဲ့ မှည့်ခေါ်ခဲ့တဲ့ သမိုင်းတွေ ရှိခဲ့ဖူးပါတယ်။ တောင်ခိုးတောင်ငွေ့တွေ၊ မြူခိုးတွေ ရစ်ပတ်နေတာကြောင့် နဂါးရစ်တောင် လို့ အမည်တွင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ပုပ္ပားဒေသမှာ ထင်ရှားခဲ့တဲ့ မယ်ဝဏ္ဏကို အကြောင်းပြုပြီး ၀ဏ္ဏယက္ခတောင်လို့ အမည်မှည့်ခေါ်ခဲ့ကြသလို ၀ိဇ္ဇာ ဇော်ဂျီနဲ့ ထွက်ရပ်ပေါက်ပုဂ္ဂိိုလ်တွေ နေထိုင်ရာ ၀ိဇ္ဇာဓရ တောင်ရယ်လို့လည်း အမည်ရှိခဲ့ဖူးကြောင်း သမိုင်းမှတ်တမ်းတွေမှာ မှတ်သားထားပါတယ်။ အဲဒီလိုပဲ အခြားအမည်အမျိုးမျိုးလည်း ထင်ရှားနေတာဖြစ်ပါတယ်။

တောင်ကလပ်ပေါ်တက်ဖို့ကကျမအတွက် တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ ထင်ရှားကျော်ကြားတဲ့ နေရာတခုကို ကျွန်မ ပထမဆုံး ရောက်ခွင့်ကြံုတဲ့နေ့လည်း ဖြစ်ပါတယ်။

ပုပ္ပားတောင်ကလပ်ဟာအရင်တုန်းကတော့ လူသူအရောက်အပေါက်နည်းတဲ့နေရာတခုဖြစ်ပါတယ်။ ရသေ့ ရဟန်းတွေနဲ့ တရားဘာဝနာ အားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေသာ အများဆုံး လာရောက်   နေထိုင်ခဲ့ကြပါတယ်။ ၁၉၂၀ ခုနှစ် ၀န်းကျင်လောက်အချိန်မှာတော့ ဂေါပလူကြီးဦးသာတင် ကနေတောင်တက်လမ်းအဖြစ် ခုတ်ထွင်ရှင်းလင်းပေးခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံအနှံ့ သာသနိက အဆောက်အအုံတွေ ဆောက်လုပ်လှူဒါန်းတဲ့နေရာမှာထင်ရှားလှတဲ့ ရသေ့ကြီး ဦးခန္တီရောက်လာပြီး တောင်တန်းလမ်းတလျှောက် သံလှေကားတွေ ဆောက်လုပ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ပြည်သူအများရဲ့ ကုသိုလ်ကောင်းမှုတွေနဲ့အတူအခုဆိုရင် အဆင်ပြေပြေ တက်ရောက်နိုင်တဲ့ လှေကားတွေ စောင်းတန်းကြီးတွေနဲ့ အထူးစည်ကားလှတဲ့ ဒေသဖြစ်နေပါပြီ။

ပုပ္ပားတောင်ဟာ နတ်ကိုးကွယ်မှုအရ ထင်ရှားသလို ရာဇဝင် ဒဏ္ဍာရီတွေကလည်း ပေါများလှပါတယ်။ ရာဇဝင်ကျမ်းတွေ အဆိုအရ သေလည်ကြောင်မင်းလက်ထက် တကောင်းမြို့ကနေ မျောပါလာတဲ့ စံကားတုံးကို နတ်မောင်နှစ်မရုပ်တုထုလုပ်ပြီး ခရစ်နှစ် ၃၅၂ ခုနှစ်မှာ ပုပ္ပားကို ပို့ဆောင်ပြီးတဲ့နောက် နတ်နန်းတည်ဆောက်ပေးလိုက်တာကြောင့် အဲဒီကနေစလို့ နတ်ကိုးကွယ်မှု စတင်ခဲ့တယ်လို့ သိရပါတယ်။ ပုပ္ပားတောင်ကလပ်ကို တက်ရာလမ်းမှာတော့ အဲဒီနတ်နန်းတွေကို တွေ့ကြရမှာပါ။

ဒါပေမယ့်လည်းပုဂံခေတ်ဦးကာလရဲ့ ဒဏ္ဍာရီပုံပြင်တွေနဲ့ ရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းတွေကြောင့် အတိအကျ ခန့်မှန်းရတော့ ခက်နေဆဲဖြစ်ပါတယ်။

နတ်ကိုးကွယ်မှုတွေက ပုဂံခေတ်ကတည်းကစတင်ခဲ့တာဖြစ်ပြီး ပုပ္ပားဒေသရဲ့ ပထမဆုံးနတ်ကိုးကွယ်မှုက မဟာဂီရိ နတ်မောင်နှစ်မဖြစ်ပါတယ်။ အဲဒါကတော့ အညာဒေသတဝိုက် လူသိများလှတဲ့ ပန်းပဲမောင်တင့်တယ် နတ်မောင်နှစ်မ ဖြစ်ပါတယ်။

နောက်ထပ် ထင်ရှားတဲ့ နတ်ကိုးကွယ်မှုကတော့ ရွှေဖျဉ်းညီနောင် နတ် ၂ ပါးဖြစ်ပြီး ပုဂံဘုရင် အနော်ရထာမင်းလက်ထက်မှာ စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒါနဲ့ တဆက်ထဲမှာပဲ ဒီနေ့ ပုပ္ပားမယ်တော်လို့ လူသိများထင်ရှားတဲ့ နတ်ဖြစ်ပြီး ရွှေဖျဉ်းညီနောင်ရဲ့ မယ်တော်ဖြစ်သူ မယ်ဝဏ္ဏဘဝကနေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ပုပ္ပားမယ်တော်နတ်နန်းကိုတော့ တောင်ကလပ်ထိပ်ကို ရောက်ခါနီးနေရာမှာ တွေ့ရမှာဖြစ်ပြီး .. နတ်နန်းရဲ့ ရှေ့မှာတော့ သားတော် ၂ ပါးမွေးဖွားရာ ဂူဆိုပြီးတော့လည်း တွေ့ရပါတယ်။

ပုပ္ပားဒေသမှာတော့ ပုဂံခေတ်သမိုင်း ဒဏ္ဍာရီဇာတ်လမ်းတွေက နေရိုးရာကိုးကွယ်မှု နတ်အမြောက်များရှိခဲ့ပြီး အဲဒီဇာတ်လမ်းတွေက ပုပ္ပားဒေသနဲ့ ဆက်စပ်နေကြပါတယ်။ အမြင်အားဖြင့် ဆန်းကျယ်လှတဲ့ ပုပ္ပားတောင်ကလပ်ဟာ ပုဂံခေတ်ရဲ့မှာ ထင်ရှားခဲ့ရာ နေရာတခုလည်း ဖြစ်ပါတယ်။

ပုပ္ပားတောင်ကလပ်ကို ရောက်လာပြီဆိုရင်တော့ မိရိုးဖလာရိုးရာ ယုံကြည်မှုတွေအဖြစ် ရှိနေဆဲဖြစ်တဲ့ ပူဇော်ပသမှုတွေကို ပြုလုပ်လေ့ ရှိကြပါတယ်။ ကျွန်မအတွက်လည်း ဒါဟာ အမှတ်မထင် ကြံုတွေ့ခွင့်ရခဲ့တဲ့ အတွေ့အကြံုတခု ရခဲ့ပါပြီ။

 တောင်ကလပ်ထိပ်ကို ရောက်သွားပြီဆိုရင်တော့ ၀ဲရာ ပတ်ပတ်လည် တောင်အောက်ရှုခင်းအလှတွေက ခံစားလို့ မကုန်နိုင်အောင် အေးချမ်းလှပတဲ့ နေရာတခုဖြစ်လို့ နေပါတယ်။ ဒီနေရာဟာ အရင်တချိန်ကတော့ ရသေ့ ရဟန်းနဲ့ ၀ိဇ္ဖာဇော်ဂျီတွေ ပျော်မွေ့ရာ ဖြစ်ခဲ့သလို၊ ဆန်းပြားလှတဲ့ ဒဏ္ဍာရီဇာတ်လမ်းတွေကလည်း အများအပြား ရှိနေခဲ့ပါတယ်။

ပုပ္ပားတောင်ကလပ်အပေါ်ဘက်မှာတော့ ဘုရားစေတီနဲ့ သာသနိက အဆောက်အအုံတွေကို တောင်ထိပ်နေရာအပြည့် တွေ့ရပါတယ်။

ပုပ္ပားတောင်ကလပ်ဟာ ရာဇဝင်သမိုင်းနဲ့ နတ်ကိုးကွယ်မှုတွေအရ ထင်ရှားခဲ့သလို၊ ကမ္ဘာမြေရဲ့ သဘာဝဖြစ်စဉ် ဘူမိဗေဒသဘောအရလည်း ထင်ရှားတဲ့နေရာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဒေသဟာ ဆေးဖက်ဝင် သစ်ဥသစ်ဖုနဲ့ အပင်တွေပေါများရာအဖြစ်လည်းထင်ရှားလှပါတယ်။

ဒီတောင်ကလပ်ပေါ်မှာ ရှေးအခါက ဇော်ဂျီတွေ ဆေးကြိတ်ရာ နေရာရယ်လို့ သတ်မှတ်ထားတဲ့ နေရာတခုလည်း ရှိပါတယ်။

ပုပ္ပားတောင်က ဆေးဖက်ဝင် အပင်တွေ တကယ့်ကိုပေါများတဲ့ဒေသပါ။ တောင်ကလပ်ရဲ့ အောင်ခြေတနေရာမှာတော့ ဒေသတွက် ဆေးဖက်ဝင် အပင်ထွက်ပစ္စည်းတွေ ရောင်းနေတဲ့ စျေးဆိုင်တန်းလေးထဲကိုလည်းကျမရောက်ခဲ့ပါတယ်။ ထူးခြားတဲ့ ဆေးဖက်ဝင် အပင်တွေကတကယ့်ကိုအမျိုးအစားစုံလှပါတယ်။ သေချာတာကတော့ ဒီလိုထူးခြားတဲ့ ဆေးဖက်ဝင်အပင်တွေကို ကျမတခါမှ မတွေ့ဖူးခဲ့သေးပါဘူး။

ဒီနေရာဒီဒေသဟာ လွမ်းမောစရာအတိတ်ကဒဏ္ဍာရီဇာတ်လမ်းတွေနဲ့အတူစည်စည်ကားကား အသက်ဝင်နေခဲ့ပါပြီ။ ပုပ္ဖါ၀နပဗ္ဗတ ပန်းတို့ ပေါများရာတောင် .. ပုပ္ပားတောင် ကြီးရှိရာဆီ ကျွန်မရောက်နေတာပါ။

အပိုင်း (၁ ) ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည် - http://www.mizzimaburmese.com/article/28546

ဆက်လက်ဖော်ပြပါမည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly