ကုလသမဂ္ဂက မြန်မာနိုင်ငံရေဘေးအတွက် ဒေါ်လာ ကိုးသန်း ကူညီပေး

ကုလသမဂ္ဂက မြန်မာနိုင်ငံရေဘေးအတွက် ဒေါ်လာ ကိုးသန်း ကူညီပေး

ရန်ကုန် ။ ။ လူပေါင်း ၃၃၀,၀၀၀ ကျော်ထက်မနည်း ဘေးဒုက္ခကြုံတွေ့နေပြီး သေဆုံးသူပေါင်း ၈၈ ဦးရှိသွားပြီဖြစ်သည့် မြန်မာနိုင်ငံရေဘေးအတွက် အကူအညီထောက်ပံ့မှုများ ဆောက်ရွက်ပေးလျက်ရှိသည့် အဖွဲ့အစည်းများကို ကူညီမှုပေးရန် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားရေးရုံးက အကူအညီရန်ပုံငွေ ဒေါ်လာ ကိုးသန်း ချထားပေးသည်။

"အရေးပေါ်ခိုလှုံရေးစခန်းတွေကလူတွေ၊ သန့်ရှင်းတဲ့ရေ၊ မိလ္လာစနစ်၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားအကူအညီ အရပ်ရပ်အတွက် ယခုရန်ပုံငွေအကူအညီကို မတည်ပေးတာဖြစ်ပါတယ်။"ဟု လူသားချင်းစာနာထောက်ထားရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးအရာရှိ စတီဗင်အိုဘရိန်းက ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

ကုလသမဂ္ဂဗဟိုအရေးပေါ်တုံ့ပြန်မှုရန်ပုံငွေ CERF က ထုတ်ပေးသည့် ယင်းရန်ပုံငွေကြေးကို ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် ဒုက္ခကြုံတွေ့နေသည့် ပြည်သူ ၁၆၀,၀၀၀ ဝန်းကျင်နှင့် စစ်ကိုင်းနှင့် မကွေးတိုင်းက ဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများသို့ ထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်သည်။

အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ဒေါ်လာ ၄၇ သန်းအနည်းဆုံး လိုအပ်မည်ဖြစ်ကြောင်း ကူညီပေးရေးအေဂျင်စီများက ပြောပြီး ဘေးဒုက္ခအခြေအနေများက ပိုမိုများပြားလာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ 

ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့များက မြန်မာအစိုးရအာဏာပိုင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် မြန်မာကြက်ခြေနီအသင်းကြီးတို့ ဦးဆောင်လုပ်ဆောင်နေကြသည့် ကူညီပေးရေး လုပ်ငန်းများအတွက် ထောက်ပံ့ကူညီမှုများ ပေးလာပြီဖြစ်သည်။ 

လက်ရှိတွင် ပြည်သူ ၁၀၃,၀၀၀ အတွက် စားနပ်ရိက္ခာ တန်ချိန် ၃၈၇ တန်နှင့် ရေသန့်စင်ဆေးပြား ၆၂၀၀၀၀ ကို ဖြန့်ဖြူးဝေငှထားပြီးဖြစ်သလို အခြားကယ်ဆယ်ရေးပစ္စည်းများလည်း အကူအညီများ ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly