ဂေါက်အိတ်ထမ်းအလုပ်သမားများ၏ ဒုက္ခသည်စခန်းအား ခရိုင်အုပ်ချုပ်ရေးမှူး တားမြစ်၍ ဖျက်သိမ်း

ဂေါက်အိတ်ထမ်းအလုပ်သမားများ၏ ဒုက္ခသည်စခန်းအား ခရိုင်အုပ်ချုပ်ရေးမှူး တားမြစ်၍ ဖျက်သိမ်း

မန္တလေး၊ ဇူလိုင် ၂၉ ။            ။ ဇူလိုင် ၂၇ ရက်၊ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည့် အလုပ်ထုတ်ခံထားရသော ဂေါက်အိတ်ထမ်း အလုပ်သမားများဒုက္ခသည်စခန်းကို ဇူလိုင်လ ၂၉ ရက်၊နံနက် ၁၀နာရီတွင် ဖျက်သိမ်းပေးခဲ့ရသည်ဟု အလုပ်ထုတ်ခံ ဂေါက်အိတ်ထမ်းအလုပ်သမား ကိုသောင်းတင်ဝင်းက ပြောသည်။

အဆိုပါ ဒုက္ခသည်စခန်းကို မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊မန္တလေးတောင်ခြေရှိ ရွှေမန်းတောင် ဂေါက်ကွင်းရှေ့တွင်ဖွင့်လှစ်ထားခဲ့ပြီး ဇူလိုင် ၂၈ရက်၊နံနက်ပိုင်က မန္တလေးခရိုင် အုပ်ချုပ်ရေးမှူးမှ ဥပဒေနှင့်မညီညွှတ်သောကြောင့် ဖျက်သိမ်းပေးရန် လာရောက်ပြောဆိုခဲ့ခြင်းကြောင့် ဖျက်သိမ်းပေးခြင်း ဖြစ်သည်ဟု ကိုသောင်းတင်ဝင်းက ဆိုသည်။

"ကျွန်တော်တို့ ဥပဒေကိုလိုက်နာလို့ ဖျက်ပေးပါတယ်။ဥပဒေဘောင်ထဲကပဲ ဆက်လက် လုပ်ဆောင်သွားမယ်။ တစ်လျှောက်လုံး ဥပဒေဘောင်ထဲက လုပ်ခဲ့တယ်။ဒါပေမယ့် ဥပဒေက ကျွန်တော်တို့ အလုပ်သမားတွေဘက်မှာ မရှိပါဘူး။"ဟု ကိုသောင်းတင်ဝင်းကပြောသည်။

ဂေါက်အိတ်ထမ်းအလုပ်သမားများသည် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၉ ရက်က ဂေါက်အိတ်ထမ်း အလုပ်သမားတစ်ဦး အလုပ်အထုတ်ခံရခြင်းနှင့်ဂေါက်အိတ်ထမ်းအလုပ်သမားများကို ဂေါက်ကွင်း အာဏာပိုင်များက ဖိနှိပ်ချုပ်ခြယ်မှုများရှိနေသည်ဟုဆိုကာ ဂေါက်အိတ်ထမ်းအလုပ်သမားအချို့က ထိုင်သပိတ်ပြုလုပ်ခဲ့ခြင်းကြောင့် အလုပ်ထုတ်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့အလုပ်ထုတ်ခံရခြင်းကြောင့် ခုံသမာဓိကောင်စီကိုတိုင်ကြားခဲ့ရာ ခုံသမာဓိကောင်စီက ဂေါက်အိတ်ထမ်းအလုပ်သမားများမှာ ဥပဒေအား ဆန့်ကျင်ချိုးဖောက်မှုမရှိသဖြင့် နည်းဥပဒေ-၂၃(စ)၊ပုံစံ-၁၁ အရ အလုပ်ပြန်လည်ခန့်အပ်ရန် ၂၀၁၇ခုနှစ်၊ဇန်နဝါရီလ ၁ ရက်က ဆုံးဖြတ်ချက် ချထားခဲ့သော်လည်း ဂေါက်အိတ်ထမ်းအလုပ်သမားများကို ယနေ့အချိန်အထိ အလုပ် ပြန်လည်ခန့်ထားခြင်း မရှိသောကြောင့် မိသားစုဝင်များပါ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေခြင်း ကြောင့် ဒုက္ခသည်စခန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်ထုတ်ခံထားရသည့် ဂေါက်အိတ်ထမ်းအလုပ်သမားများအနေဖြင့် အလုပ်ပြန်လည် ခန့်ထားပေးရေးအတွက် ဥပဒေဘောင်အတွင်းမှ တောင်းဆိုမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု အလုပ်ထုတ်ခံထားရသည့် ဂေါက်အိတ်ထမ်းအလုပ်သမားများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly