မကွေးတိုင်း ၂၅ မြို့နယ်အတွင်းရှိ ဆေးရုံများအား N 95 Mask များ ပေးဝေထား

မကွေးတိုင်း ၂၅ မြို့နယ်အတွင်းရှိ ဆေးရုံများအား N 95 Mask များ ပေးဝေထား

မကွေး၊ ဇူလိုင်လ ၂၉ ။                        ။ H1 N1 ပြင်းထန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး တီဘီဌာနမှ N 95 Mask များအား တိုင်းဒေသကြီးအတွင်းရှိ (၂၅)မြို့နယ်ရှိဆေးရုံများသို့ တစ်မြို့နယ်လျှင် (၁၂၀)စီ ၊ မကွေးတိုင်း ဆေးရုံကြီးတွင် (၁၄၈၀)ခု၊ သင်ကြားရေးဆေးရုံတွင် (၂၄၀)ခု ပေးပို့ဖြန့်ဝေပေးထားကြောင်း တိုင်းဒေသကြီး   ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထို့ပြင် နတ်မောက်မြို့နယ်မှ အဖျားရောဂါဖြစ်ပွား လူနာများအား စောင့်ကြပ်ကြည့်ရှု စမ်းသပ်နိုင်ရန်အတွက် Non-Contact Thermometer (၂)ခု ဖြန့်ဝေထားကြောင်း၊ အခုလို ဖြန့်ဝေပေးထားတဲ့အပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တွေ့ဆုံတိုင်ပင်ပြီး တိုင်းအတွင်း ဒီရောဂါ မဖြစ်ပွားရေးအတွက် ကြိုတင်ကာကွယ်ရေးတွေ ပြည်သူတွေကို အသိပညာပေးတာတွေ လုပ်ဆောင်နေပါတယ်ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဖြန့်ဖြူးရေးဦးစီးအရာရှိ ဒေါက်တာအောင်ရဲပိုင်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်ဆေးရုံကြီးတွင် H1N1 စစ်ဆေးတွေ့ရှိရသည့် လူနာနစ်ဦးမှာ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အတွင်းရှိ ဂွေး ကုန်းကျေးရွာတွင် ရက်ပိုင်းတည်း ခိုနေထိုင်ခဲ့သည့် သတင်းအရ ကျန်းမာရေးဌာနက နတ်မောက်မြို့နယ်အတွင်းမှ ဂွေးကုန်းကျေးရွာ (၅)ရွာလုံးအား နယ်မြေ ကွင်းဆင်း စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးကပြောသည်။

“ကျွန်တော်တို့ ကျန်းမာရေးဌာနအနေနဲ့ နယ်မြေကွင်းဆင်းပြီးစုံစမ်းကြည့်တဲ့အခါ ဂွေးကုန်းဆိုတဲ့ကျေးရွာက နတ်မောက်မြို့နယ်မှာ (၅) ရွာတောင်ရှိနေတာကြောင့် အဲဒီ (၅)ရွာလုံးက အဖျားရောဂါဖြစ်ပွား လူနာတွေအပေါ် စောင့်ကြပ် ကြည့်ရှုစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ဒါလည်း ဒီနေ့အထိ H1 N1 ပြင်းထန်တုပ်ကွေးရောဂါ လုံးဝမတွေ့ရပါဘူး”ဟု တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အထူးရောဂါနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာချမ်းမြေ့အေးသောင်က ပြောသည်။

မကွေးတိုင်းဆေးရုံကြီးသို့ ဇူလိုင်(၂၈)ရက် နံနက်ပိုင်းက တုပ်ကွေးဖျားသည့်လူနာ(၂) ဦးအား H1 N1 သံသယရှိသဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ H1 N1 ရောဂါပိုး မတွေ့ရှိရကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly