အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန် SSA အဆင့်သင့်ရှိဟုဆို

အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန် SSA အဆင့်သင့်ရှိဟုဆို

ရန်ကုန် သြဂုတ် ၈ ။        ။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကိုလက်မှတ်ရေးထိုးရန် RCSS/SSA (ရှမ်းပြည်ထူထောင်ရေး တပ်မတော်) ကအဆင့်သင့်ဖြစ်နေပြီဟု RCSS/SSA အထွေထွေအတွင်းရေးမှုး ဗိုလ်မှုးကြီး စိုင်းလက သြဂုတ်လ ၇ရက်တွင် မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ကလက်မှတ်ထိုးဖို့အဆင့်သင့်ရှိပါတယ်။ NCA ဆိုတာတော့ တစ်ဖွဲ့တည်းထိုးလို့လည်းမဖြစ်ဘူး အားလုံးပါဝင်မှလည်း ကောင်းမှာပေါ့" ဟု ၎င်းကဆိုသည်။

RCSS/SSA သည် NCA စာချုပ်မူကြမ်းရေးစွဲသည့် တိုင်းရင်းသားလက်နက်ကိုင်များညီလာခံသို့ လေ့လာသူအဖြစ် တက်ရောက်သည့်အဖွဲ့ဖြစ်သည့်အပြင် ဖေဖော်ဝါရီလ ၁၂ရက်(ပြည်ထောင်စု) နေ့တွင် လည်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂတိဂဝတ်ကို အစိုးရနှင့် လက်မှတ်ထိုးထားသည့် ၄ဖွဲ့မှ တစ်ဖွဲ့ဖြစ်သည်။

ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC) တွင်ပြုလုပ်သည့် ၉ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲက လက်နက်ကိုင်အားလုံးပါဝင်ရေးမှအပ အခန်း ၇ခန်း၊ အပိုဒ် ၃၃ခုပါသည့် NCAစာချုပ်ပါအချက်အားလုံးကို သဘောတူမှုရရှိခဲ့ကြသည်။

လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂၁ဖွဲ့ထိရှိနေပြီး ၎င်းတို့အားလုံးဖြင့် အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် တိုင်းရင်းသားတို့ဖက်က ဆန္ဒရှိသော်လည်း အစိုးရဖက်ကမူ ၁၅ဖွဲ့ဖြင့် သာ လက်မှတ် ထိုးရန် ဆုံးဖြတ်ထားပြီး ဆက်လက်ညှိုနှိုင်းရန် လျာထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags