မကွေးဆေးရုံရောက် လူနာ ၂ ဦးမှာ ရာသီတုပ်ကွေးရောဂါပိုး မတွေ့ရှိရဟုဆို

မကွေးဆေးရုံရောက် လူနာ ၂ ဦးမှာ ရာသီတုပ်ကွေးရောဂါပိုး မတွေ့ရှိရဟုဆို

မကွေး၊ ဇူလိုင် ၂၈ ။          ။ မကွေးတိုင်းဒေသကြီးဆေးရုံသို့ ယနေ့ နံနက်ပိုင်းက ရောက်လာသောလူနာ(၂)ဦးတွင် အများစိုးရိမ်နေသော ရာသီတုပ်ကွေးရောဂါပိုး မတွေ့ရှိကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယနေ့ ဇူလိုင်လ ၂၈ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ဆေးရုံတွင် ပြင်းထန်ရာသီတုပ်ကွေးဟု ယူဆရသော လူနာ(၂)ဦး တက်ရောက်လာကြောင်း သတင်းကြားရ၍ ဒေသခံပြည်သူများ စိုးရိမ်နေကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဆေးရုံကြီးတွင် အဆိုပါ လူနာ(၂)ဦးအား လိုအပ်သည်များကို စံနစ်တကျ ပြုစု ကုသမှုပေးလျက်ရှိကြောင်း၊ တိကျသော ရောဂါနာမည် တပ်နိုင်ရေး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

“ဒီလူနာ(၂)ဦးကို ဆေးရုံရောက်ရောက်ခြင်း စမ်းသပ်စစ်ဆေးပါတယ်၊ စစ်ဆေးတာက အချိန်(၁၅)မိနစ် လောက်ပဲ ကြာပါတယ်၊ အဖြေသိရပါပြီ၊အများစိုးရိမ်နေသလို H1N1ရောဂါပိုး မတွေ့ပါဘူး၊လုံးဝ Negativeပါ၊ Nagative ဖြစ်တဲ့အတွက် ရန်ကုန်ပို့ပြီး စစ်စရာ မလိုပါဘူး၊အများစိုးရိမ်နေကြတဲ့ ရာသီတုပ်ကွေး မဟုတ်ပါဘူး၊ ဒီပြင် တုပ်ကွေးတော့ ဖြစ်နိင်ပါတယ်”ဟု မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။

ယနေ့ မကွေးတိုင်းဆေးရုံသို့ တက်ရောက်လာသော လူနာ(၂)ဦးမှာ မကွေးမြို့နယ်အိုင်ကြီးကုန်းကျေးရွာအုပ်စု ချိုင်းကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့်တောင်တွင်းကြီးမြို့နယ် ဒညှင်းကုန်းကျေးရွာအုပ်စု သရက်အိုင်ကျေးရွာမှ အမျိုးသားတစ်ဦးတို့ ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly