အနာဂတ်ကို နေမာကသာ ဆုံးဖြတ်လိမ့်မည်ဟု ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူဆို

အနာဂတ်ကို နေမာကသာ ဆုံးဖြတ်လိမ့်မည်ဟု ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူဆို

ဇူလိုင် ၂၈၊ စပိန် ။         ။ နေမာကို အသင်းတွင် ဆက်လက်ထိန်းသိမ်းထားလိုသော်လည်း အနာဂတ်ကို ဘရာဇီးတိုက်စစ်မှူးကသာ ဆုံးဖြတ်လိ့မ်မည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူက ပြောဆိုလိုက်သည်။

လက်ရှိတွင် အသက် ၂၅ နှစ်အရွယ်ရှိနေမာကို ပီအက်စ်ဂျီအသင်းက ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။ နေမာမှာ ဘာစီလိုနာနှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသေးပြီး ၎င်းအနေဖြင့် အသင်းပြောင်းလိုပါက ခွင့်ပြုမည်ဟု ဘာတိုမြူက ဆိုသည်။

“နေမာက ကျွန်တော်တို့ ကစားသမားတွေထဲက အကောင်းဆုံးကစားသမားတစ်ယောက်ဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ ဒီလိုကစားသမားကို ကျွန်တော်တို့ မဆုံးရှုံးလိုပါဘူး။

ကျွန်တော်တို့နဲ့အတူ သူ့ကို ဆက်ရှိနေစေချင်ပါတယ်။ နေမာက အသင်းနဲ့လေးနှစ်စာချုပ်သက်တမ်း ရှိနေပါသေးတယ်။ ဒါကြောင့် အထွေအထူးပြောစရာ မရှိတော့ပါဘူး။

ကစားသမားတွေက သူတို့အသင်းကထွက်ခွာသွားချင်ရင် ဆုံးဖြတ်နိုင်တယ်ဆိုတာ ခင်ဗျားတို့သိလား။ သူတို့ ဆုံးဖြတ်နိုင်ပါတယ်။

ဒါပေမဲ့ ဘာစီလိုနာကတော့ နေမာကို ဆက်လက်ထိန်းသိမ်းလိုပါတယ်။ သူ့ကို ဘာစီလိုနာက လိုအပ်ပါတယ်။ ကျွန်တော်တို့ ချန်ပီယံဆုတွေကို ရယူချင်တယ်ဆိုရင် ဖြစ်နိုင်သလောက် ကစားသမားကောင်းတွေ ရဖို့ လိုပါတယ်’ ဟု ဘာတိုမြူက ပြောဆိုခဲ့သည်။

နေမာမှာ ပီအက်စ်ဂျီနှင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ပြောင်းရွှေ့ကြေးအတွက် ဘာစီလိုနာနှင့် ပီအက်စ်ဂျီတို့ ဆွေးနွေးနေသည်ဟု ယမန်နေ့က သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် ယနေ့တွင်မှု ယခုသတင်းနှင့်အတူ ဘာစီလိုနာအသင်းက ပီအက်စ်ဂျီအသင်းနှင့် ဆွေးနွေးခြင်းမရှိသေးဟုလည်း သတင်းများ ထွက်ပေါ်နေပြန်သည်။

ရည်ညွှန်း နယူးယော့ခ်တိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags