ဇူလိုင် ၂၈ ။ ။ ထွက်ပေါ်ထားခဲ့တဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးသွားမယ့် အချက်အလက်ရှာဖွေရေးအထူးအဖွဲ့ ခေါင်းဆောင်နေရာကို ကုလသမဂ္ဂက အပြောင်းအလဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ယင်း အချက်အလက်ရှုာဖွေရေးအဖွဲ့ရဲ့ ယခင်ခေါင်းဆောင်အဖြစ် တာဝန်ယူထားခဲ့ရတဲ့ အိန္ဒိယနိုင်ငံက တရားရုံးချုပ်ရှေ့နေ Indira Jaising ကို ဖယ်ရှားပြီး အင်ဒိုနီးရှားနိုင်ငံက ထင်ရှားတဲ့ ရှေ့နေချုပ်ဟောင်းတစ်ဦးဖြစ်တဲ့ Marzuki Darusman ကို အဖွဲ့ခေါင်းဆောင်သစ်အဖြစ် ကုလလူ့အခွင့်အရေးကောင်စီက ပြောင်းလဲခန့်အပ်လိုက်တာဖြစ်ပါတယ်။
ယခုအခါ မြန်မာဆိုင်ရာ အထူးမစ်ရှင်အဖွဲ့ ခေါင်းဆောင်သစ်အဖြစ် အင်ဒို လူ့အခွင့်အရေးရာ ကျွမ်းကျင်ပညာရှင် Marzuki ကို ကောင်စီဥက္ကဌက ခန့်အပ်တာဝန်ပေးလိုက်ပြီ ဖြစ်ကြောင်း ကုလ လူ့အခွင့်အရေးရုံးက ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ယခုလို အဖွဲ့ခေါင်းဆောင်သစ် အပြောင်းအလဲ ပြုလုပ်ရခြင်းရဲ့ အကြောင်းရင်းကိုတော့ ကုလကောင်စီက အသေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ အခြားအဖွဲ့ဝင်တွေဖြစ်ကြတဲ့ သီရိလင်္ကာနိုင်ငံက Radhika Coomraswamy နဲ့ သြစတြေးလျက Christopher Dominic Sidoti တို့ကတော့ အပြောင်းအလဲမရှိဘဲ ယင်းအဖွဲ့မှာ ဆက်လက်ပါ၀င်နေဦးမှာဖြစ်ပါတယ်။
ယခုလို ကုလဘက်က ဖွဲ့စည်းထားတဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကိုတော့ နိုင်ငံတွင်းကို ၀င်ရောက်ခွင့်ပြုမှာမဟုတ်ဘူးဆိုပြီး မြန်မာအစိုးရဘက်က ပြောကြားထားပါတယ်။
အဆိုပါ အဖွဲ့ရဲ့ တာဝန်ကိုတော့ မြန်မာနိုင်ငံမှာ မွတ်ဆလင်အသိုင်းအဝိုင်းအပေါ် လုံခြံုရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်ထားခဲ့တယ်ဆိုတဲ့ ချိုးဖောက်မှုစွဲချက်တွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ ကုလဘက်က သတ်မှတ်တာဝန်ပေးထားတယ်လို့ သိရပါတယ်။