ပြည်သူ့အစိုးရသည် သုံးသပ်ဝေဖန်မှုများကို ရင်ဆိုင်နိုင်ရမည်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ပြည်သူ့အစိုးရသည် သုံးသပ်ဝေဖန်မှုများကို ရင်ဆိုင်နိုင်ရမည်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
 

နေပြည်တော်၊ ဇူလိုင် ၂၈ ။      ။ ပြည်သူများက ရွေးချယ်တင်မြှောက်ထားသော အစိုးရသည် သုံးသပ်ဝေဖန်မှုများကို မှန်မှန်ကန်ကန် သတ္တိရှိရှိနဲ့ ရင်ဆိုင်နိုင်ရမည်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ဇူလိုင်လ ၂၇ ရက်က နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့့်မြတ်ရေး ဗဟိုဌာန (NRPC) ရုံးတွင် ကျင်းပပြုလုပ်သော နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ နှစ်ပတ်လည် အခမ်းအနားမိန့်ခွန်းတွင် ပြောခဲ့ခြင်းဖြစ်သည်။

"ဒီမိုကရေစီစနစ်တွင် ပြည်သူက ရွေးချယ်တင်မြှောက်သော အစိုးရကို ပြည်သူများက ဝေဖန်ပိုင်ခွင့်ရှိပြီး အားလုံးဟာလည်း အပြုသဘောနဲ့ ဝေဖန်တာကြီးဘဲ မဟုတ်သောကြောင့် ဝေဖန်ချက်များကို သုံးသပ်ပြီး မှန်၊ မမှန်ပြန်စဉ်းစားဖို့လိုကြောင်း" နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဝေဖန်သုံးသပ်ချက်များသည် အစိုးရအတွက် မှန်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ပြုပြင်ပြောင်းလဲဖို့လိုပြီး၊ မမှန်ဘူးဆိုရင်လည်း စိတ်ထဲတွင် စဉ်းစားမနေဘဲ ကိုယ်နဲ့မဆိုင်၍ ဘေးဖယ်ထားရုံပဲဟု ဆိုသည်။

“အများက တစ်ခဏ အချိန်အခါအတွင်းမှာ လိုချင်တဲ့ကိစ္စဟာ နိုင်ငံ့အတွက် ရေရှည်မကောင်းဘူးဆိုလို့ရှိရင် ကျွန်မတို့ အနေနဲ့ မကောင်းဘူး၊ မလုပ်သင့်ဘူးလို့ ရပ်တည်ရဲရမယ်။ အများကြိုက်လို့ အများကနေပြီးတော့ ဒီတခဏကာလတိုလေးတွင်းမှာ တိုက်တွန်းနေလို့ တိုက်တွန်းတာ မှန်သမျှလုပ်မယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံဟာ လမ်းလွဲသွားလိမ့်မယ်။ ဒီဟာကတော့ ကျွန်မတို့ရဲ့ အစိုးရအတွက် ကျွန်မတို့ရဲ့ နိုင်ငံအတွက် ကျွန်မတို့ရဲ့ မျှော်မှန်းချက် မှန်မှန်ကန်ကန်နဲ့ပြည်သူပြည်သားနဲ့လက်တွဲပြီးတော့ လုပ်သွားဖို့ တိုးတက်အောင်လို့ အားလုံးဝိုင်းဝန်းပြီးတော့ ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ အဲ့လိုလုပ်တဲ့နေရာမှာ အစိုးရကနေပြီးတော့ စံပြဖြစ်ဖို့လိုပါတယ်” ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းအတွင်း ပြောသည်။

ရွေးကောက်ပွဲကို လက်ရှိ အစိုးရသည် ပြောင်းလဲချိန်တန်ပြီဆိုသည့် ဆောင်ပုဒ်နှင့် ၀င်ခဲ့တာဖြစ်သည့်အတွက်ကြောင့် အဆိုပါ အဓိပါ္ပယ်သည် စိတ်ဓာတ်ပြောင်းလဲခြင်းကို ဆိုလိုခြင်းဖြစ်ပြီး ပြည်သူပြည်သားများ ကို စိတ်ဓာတ်များ ပြောင်းလဲဖို့ဆိုရင် အစိုးရပိုင်းက စပြီး စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲရမည်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် ပြည်သူလူထုက နိုင်ငံတော် အစိုးရအပေါ် ယုံကြည်နိုင်ဖို့ဆိုလျှင် အစိုးရအနေနဲ့ အဂတိလိုက်စားမှု ကင်းရှင်းဖို့သည် အဓိကကျပြီး ထိုကဲ့သို ပြည်သူလူထုက အစိုးရအပေါ်ယုံကြည်မှု မရှိပါက နိုင်ငံဖွ့ံဖြိုးတိုးတက်ဖို့ခဲယဉ်းကြောင်း ပြောသည်။

“ အဂတိ လိုက်စားရေး ကင်းရှင်းဖို့ဆိုတာကတော့ အင်မတန်မှ အရေးကြီးတဲ့ ရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်။ ဒီလို ကျွန်မတို့လုပ်နိုင်မှသာလျှင် ကျွန်မတို့ ပြည်သူလူထုဟာ နိုင်ငံတော် အစိုးရအပေါ်မှာ ယုံကြည်မှု ရှိနိုင်မယ်။ နို်င်ငံတော် အစိုးရနဲ့ ပြည်သူလူထု ကြားမှာ ယုံကြည်မှု မရှိလို့ ရှိရင် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါတယ်” ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly