နှိပ်စက်ခံရမှုကြောင့် အမှုဆိုင်နေသော အိမ်အကူမိန်းကလေးအား ခြိမ်းခြောက်ခေါ်ဆောင် သားမယားပြုကျင့်မှုဖြစ်ပွား

နှိပ်စက်ခံရမှုကြောင့် အမှုဆိုင်နေသော အိမ်အကူမိန်းကလေးအား ခြိမ်းခြောက်ခေါ်ဆောင် သားမယားပြုကျင့်မှုဖြစ်ပွား
 ဓာတ်ပုံ - ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဇူလိုင်လ ၂၇ ။          ။ နှိပ်စက်ခံရမှုကြောင့် အမှုရင်ဆိုင်နေစဉ် ၂၁ ရက်ကြာပျောက်ဆုံးခဲ့သည့် အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေးမှာ ခြိမ်းခြောက်ခေါ်ဆောင်ခံခဲ့ရသည့်အပြင် သားမယားအဖြစ်ပါပြုကျင့်ခံခဲ့ရသည်ဟု အိမ်အကူမိန်းကလေး မနန်းမို့မို့အေးက ပြောသည်။

ထိုမိန်းကလေးငယ်မှာ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးနေအိမ်တွင် အိမ်အကူလုပ်ကိုင်ရာမှ သွားများ ကျိုးသည့်အထိ နှိပ်စက်ခံခဲ့ရသောကြောင့်  တရားရင်ဆိုင်ရန် မရမ်းကုန်းမြို့နယ်တရားရုံးသို့ မြစ်သာမြို့မှ လာရောက်စဉ် ၂၁ ရက်ကြာအထိ ပျောက်ဆုံးခဲ့ပြီးနောက် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အသက် ၁၄ နှစ်အရွယ် မိန်းကလေးအား အသက် ၂ဝ ခန့်အရွယ်ရှိ ရဲထွဋ်ဆိုသူက ခြိမ်းခြောက် ခေါ်ဆောင်ပြီး သားမယားပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ၎င်းသည် အိမ်အကူလုပ်ကိုင်ခဲ့သောအိမ်မှ တူတော်စပ်ကြောင်း သိရသည်။

"ရုံးချိန်းလာတဲ့အခါမှာ ကားဝန်းဘေးက ဘုရားပေါ်မှာ ခဏနားတယ်။ နားနေတဲ့အချိန််မှာပဲ အဖွားက ဖုန််းအားလေး သွားသွင်းပါဆိုတော့ သွားသွင်းတာ။သွင်းပြီးတော့ အဖွားကလည်း အိပ်နေတော့ ဖုန်းအားသွင်းတဲ့ဘေးက အပင်အောက်မှာထိုင်နေတာ။ ဘယ်ကလူမှန်းမသိဘူး။ အတင်းလက်ဆွဲခေါ်တာ မလိုက်ဘူးလို့၊ ငါနင့်ကိုလည်းမသိဘူးလို့၊ ရုံးချိန်းလာတာလို့၊ အမှုကိစ္စနဲ့လာတာလို့ ပြောတော့ နင်မလိုက်ရင် နင့်ကို သတ်ပစ်မယ်တဲ့။ ဒီနားတင်သတ်ပစ်မှာလို့ ပြောတာ။ အော်ရင် သတ်ပစ်မှာတဲ့။ ဘေးကလည်း လူနှစ်ယောက်ပါတယ်။ အဲ့ဒါနဲ့ ခေါ်သွားတာ ။သူခေါ်သွားတာကတော့ ပုလဲမြို့ထဲက သင်္ဃန်းကျွန်းထဲ ခေါ်သွားတာ။ ဦးခင်ဇော် လိုင်းခန်းထဲမှာ တည်းတယ်။ အဲ့ဒီဦးခင်ဇော်လိုင်းခန်းထဲမှာပဲ သားမယားကျင့်တယ်။ ၁၅ ရက်နေ့လောက် နေလည်းနေရော ဦးခင်ဇော်ဆိုင်မှာပဲ လမ်းစရိတ်ရအောင် အလုပ်ခဏဝင် လုပ်တယ်။ ဦးခင်ဇော်က မုန့်ဆိုင်ဖွင့်ထားတယ်"ဟု မနန်းမို့မို့အေးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊အောက်ဘလောက်၊ လမ်း ၄ဝ ရှိ ရှေ့နေများ ကွန်ရက်ရုံး၌ ယနေ့ ဇူလိုင်လ ၂၇ ရက်၊ နံနက်ပိုင်းက ပြုလုပ်သော သတင်းစာရှှှင်းလင်းပွဲတွင် အဆိုပါ မိန်းလေးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

မိန်းကလေးငယ်မှာ ဦးခင်ဇော် လိုင်းခန်းတွင် ၁၈ ရက်ခန့် နေထိုင်ပြီးနောက် ရဲထွဋ်ဆိုသူက ၎င်းအဒေါ်ဆိုသူထံတွင် ပိုက်ဆံသွားတောင်းမည် ဟုဆိုကာ သူမကိုပါခေါ်ဆောင်သွားခဲ့ပြီး ၎င်းခေါ်ဆောင်သွားသော နေအိမ်မှာ သူမ အိမ်အကူလုပ်ကိုင်ခဲ့သည့်နေအိမ်ဖြစ်သည်ဟု ဆိုသည်။

ရဲထွဋ်ဆိုသူ ပြန်ရောက်ရှိလာသည့်အချိန်တွင် ၎င်းလက်တွင် ပိုက်ဆံများပါရှိကြောင်း၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် သူမ မုန့်ဆိုင်အလုပ်မှ နေအိမ််သို့ ပြန်လာစဉ် ရဲထွဋ်ဆိုသူမှာ ဆေးရှူပြီး အိပ်ပျော်နေသဖြင့် ထွက်ပြေးခဲ့ပြီး အောင်မင်္ဂလာအဝေးပြေးမှတဆင့် မြစ်သာမြို့သို့ ပြန်ခဲ့ခြင်းဖြစ်ကြောင်း မနန်းမို့မို့အေးက ဆက်လက် ပြောပြခဲ့သည်။

အဆိုပါ အိမ်အကူမိန်းကလေး မနန်းမို့မို့အေးမှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ် သားမြို့တွင် နေထိုင်သူဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာဝင်းရှိ အငြိမ်းစားဒုဗိုလ် မှူးကြီးတစ်ဦး၏ နေအိမ်တွင် တစ်လ လုပ်အားခ ကျပ်ငါးသောင်းဖြင့် အိမ်အကူ လုပ်ကိုင််ခဲ့ခြင်းဖြစ်သည်။

"သမီးလေး ပျောက်သွားတဲ့နေ့ကဆို တော်တော်ခံစားခဲ့ရပါတယ်။ အခုလို မုဒိမ်းကျင့်တယ်ဆိုတော့ ကျွန်မ ရူးမလိုလို၊ သေမလိုလို ခံစားရတယ်။ကျွန်မတို့မှာ စီးပွားရေး အဆင်မပြေပါဘူး။ အဆင်မပြေတဲ့အတွက် ကျွန်မ သူများအဝတ်လျော်ပါတယ်။ ဒီသမီးကိုလည်း အဲ့ဒီအိမ်ဖော်ဆိုတဲ့အလုပ်ကို ကျွန်မတို့က အလုပ်မရှိလို့ အိမ်လေးဆောက်ချင်တယ်ဆိုပြီးတော့ လွှတ်လိုက်တာပါ။ ကျွန်မအမှန်အတိုင်း ပြောရရင် ဒေါ်ခင်နန်းတင့် တို့ကိုလည်း တရားစွဲချင်ပါတယ်"ဟု မနန်းမို့မို့အေးမိခင်ဖြစ်သူ ဒေါ်ထက်ထက်ကပြောသည်။

ထိုသို့ မိန်းကလေးငယ်မှာ အငြိမ်းစားဒုဗိုလ် မှူးကြီးနေအိမ်တွင် အိမ်အကူလုပ်ကိုင်ခဲ့ရာ အိမ်ရှင်၏ ဇနီးဖြစ်သူ ဒေါ်ခင်နန်းတင့်က သူမအား နှိပ်စက်မှုများပြုလုပ်ခဲ့ပြီး ထိုအိမ်တွင် သူမနှင့်အတူ အိမ်အကူလုပ်ကိုင်နေသည့် မနှင်းဝေကျော်ဆိုသူကို ငရုတ်ကျည်ပွေ့ဖြင့် မနန်းမို့မို့အေး၏ သွားများကို ရိုက်ချိူးရန်စေခိုင်းခဲ့သဖြင့် သွား ၆ ချောင်းခန့်ကျိုးခဲ့သည့်အတွက် ဘုရင့်နောင်နယ်မြေရဲစခန်းတွင်အမှုဖွင့်ခဲ့ပြီး ထိုအမှုဖြင့်တရားရုံးချိန်းသို့သွားခဲ့ရောက်ခဲ့ရာမှ မိန်းကလေးငယ်မှာ ၂၁ ရက်ကြာပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

"ဒါက တော်တော်ကို ဆိုးဝါးတာပေါ့ဗျာ ။လူကုန်ကူးမှုအပြင် သက်ငယ်မုဒိန်းမှုလည်းပါသွားပြီ။ ရဲတပ်ဖွဲ့ က တရားဥပဒေကြောင်းအရတော့ ဆက်လက်ဆောင်ရွက်ပါလိမ့်မယ်။ ဒါပေမယ့်ကျွန်တော်တို့စိတ်မကောင်းတာ တစ်ခုက သက်ငယ်အိမ်ဖော်ညှင်းပန်းနှိပ်စက်ခံရမှုကို ဒီနေ့ချိန်အထိ မရမ်းကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက ကလေးသူငယ် ၆၆(ဃ)နဲ့ မဖွင့်သေးဘူး။ အဲ့ဒါ ဘာ့ကြောင့်လည်းတော့မသိဘူး" တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

အဆိုပါ မိန်းကလေးငယ်အမှုနှင့်ပတ်သက်၍ လက်ရှိတွင် ဒုတိယရဲမှူးကြီး မြင့်ထွေးမှ ဦဆောင်ကာ ကျူးလွန်သူများဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပြီး ဖမ်းဆီးရမိပါက ရန်တိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အိမ်အကူမိန်းကလေးနှင့် ၎င်းမိသားစုမှ မြစ်သာမြို့မှ ရန်ကုန်သို့ ယခုလာရောက်စဉ်တွင်လည်း ဒုတိယရဲမှူးကြီးမြင့်ထွေး ဦးဆောင်ပြီး လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင် ၅ ဦးဖြင့် အစောင့်အရှောက်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly