အင်းဝအပ်ချုပ်ဆိုင်အပေါ် သတင်းသမားဦးဆွေဝင်း ချောက်ချခဲ့ခြင်းဟု ထွက်ဆို

အင်းဝအပ်ချုပ်ဆိုင်အပေါ် သတင်းသမားဦးဆွေဝင်း ချောက်ချခဲ့ခြင်းဟု ထွက်ဆို

ရန်ကုန်၊ ဇူလိုင်လ ၂၇ ။            ။ အိမ်အကူမိန်းကလေးငယ်နှစ်ဦး ညှင်းပန်းနှိပ်စက်ခံခဲ့ရသည့် အင်းဝအပ်ချုပ်ဆိုင်အမှုနှင့်ပတ်သက်ပြီး သတင်းသမားဦးဆွေဝင်းက ချောက်ချခဲ့ခြင်းဖြစ်ကြောင်း အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်၏ သားဖြစ်သူ တင်မင်းလတ်က ခရိုင်တရားရုံးတွင် ထွက်ဆိုသည်။

အဆိုပါ အင်းဝအပ်ချုပ်ဆိုင်အမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူ ၆ ဦးကို ဇူလိုင်လ ၁၃ ရက်ရုံးချိန်းမှ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးတွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယနေ့ ဇူလိုင်လ ၂၇ ရက်ရုံးချိန်းတွင် တရားလိုများဘက်မှ လိုက်ပါဆောင်ရွက်ပေး နေသည့် ခရိုင်ဥပဒေအရာရှိက စွပ်စွဲခံရသူ တင်မင်းလတ်ကို အပြန်အလှန် မေးခွန်းများမေးမြန်းခဲ့ရာ တင်မင်းလတ်က ထိုသို့ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

" ကျွန်တော်အနေနဲ့ ဒီထွက်ဆိုချက်အပေါ်မှာ ဘာမှတ်ချက်မှ မပေးလိုပါဘူး။ တရားခွင်မှာ အပြန်အလှန်စစ်မေးတာဖြစ်တဲ့အတွက် စွပ်စွဲခံရသူအနေနဲ့ သူ့ခံစားချက်၊ သူ့ရဲ့အမြင်၊ သူ့သဘောထားကို ထွက်ဆိုခွင့်ရှိပါတယ်"ဟု တင်မင်းလတ်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးမျိုးညွှန့်က မဇ္စျိမသို့ ပြောသည်။

တင်မင်းလတ်အပါအဝင် အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင်များက အိမ်အကူမိန်းကလေးနှစ်ဦးဖြစ်သည့် မစန်းကေခိုင်၊ မသဇင်တို့၏ လုပ်ခလစာ၊ညှင်းပန်းနှိပ်စက်ခံ ဒဏ်ရာများနှင့်ပတ်သက်ပြီး၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ၊ ၁၅ ရက်နေ့က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ ငွေကြေး ကျပ်သိန်း ၅ဝ ဖြင့် ဖြေရှင်းခဲ့မှုအပေါ် ဦးဆွေဝင်းဘက်မှ ကန့်ကွက်ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း တင်မင်းလတ်က ထွက်ဆိုခဲ့သည်။

ဦးဆွေဝင်းက မိန်းကလေးငယ်များအတွက် နစ်နာကြေး မဖြစ်မနေပေးရန်နှင့် နစ်နာကြေးမပေးပါက ထောင်ကျသည့်အထိ ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်ပြီး ဦးဆွေဝင်းနှင့် ၎င်းတို့မိသားစုမှာ ရန်ငြိုးရန်စမရှိသည့်အပြင် ယခင်ကတည်းက သိကျွမ်းခြင်းလည်းမရှိခဲ့ကြောင်း တင်မင်းလတ်က တရားခွင်တွင် ထွက်ဆိုခဲ့သည်။

ထိုထွက်ဆိုချက်အပေါ် ဘာမှတ်ချက်မှ မပေးချင်ကြောင်း Myanmar Now သတင်းဌာနမှ အယ်ဒီတာချုပ်ဦးဆွေဝင်းက မဇ္စျိမသို့ပြောသည်။

" ဒါတွေက အခြေအမြစ်မရှိတဲ့ စွပ်စွဲပြောဆိုချက်တွေပါ။ ဒီကလေးမလေးတွေကိစ္စနဲ့ ပတ်သက်ပြီး ၂ဝ၁၄ ခုနှစ်ကတည်းက ကျောက်တံတားရဲစခန်းမှာ တိုင်ကြားခဲ့တဲ့ကိစ္စပါ။ ဒီအမှုကိစ္စက လူတိုင်းလည်း သိတဲ့ကိစ္စဖြစ်တယ်။ ကျွန်တော်အနေနဲ့တော့ ဘာမှတ်ချက်မှမပေးချင်ဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားမျှမျှတတပဲ ဖြစ်စေချင်တယ်"ဟု Myanmar Now သတင်းဌာနမှ အယ်ဒီတာချုပ်ဦးဆွေဝင်းက မဇ္စျိမသို့ပြောသည်။

ဦးဆွေဝင်းမှာ အင်းဝအပ်ချုပ်ဆိုင်မှ အိမ်အကူမိန်းကလေးငယ်နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရမှု နှင့်ပတ်သက်ပြီး ဖော်ထုတ်ရေးသားခဲ့သည့်အတွက် မိန်းကလေးငယ်နှစ်ဦး လွတ်မြောက်ခဲ့ပြီး နိုင်ငံတော်အစိုးရမှ ဦးဆွေဝင်းအား ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်နေ့တွင် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့သည်။

အဆိုပါ အိမ်အကူမိန်းကလေးငယ်နှစ်ဦးကို ညှင်းပန်းနှိပ်စက်မှုဖြင့် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာအပါအဝင် တင်မင်းလတ်၊ စုမွန်လတ်၊ ရာဇာထွန်းတို့ကို ခရိုင်တရားရုံးမှ မေလ ၂၅ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၉ ဖြင့်လည်းကောင်း၊ ကလေးသူငယ် ဥပဒေပုဒ်မ - ၆၆ (ဃ)ဖြင့် လည်းကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၃၄၄ ဖြင့် လည်းကောင်း အသီးသီးစွဲချက်တင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဦးကိုလတ်နှင့် သီရိလတ်တို့ကိုလည်း မိန်းကလေးငယ်နှစ်ဦးအား နှိပ်စက်ရာတွင် ဟန့်တားခြင်းမရှိဘဲ ပူးပေါင်းပါဝင်ခဲ့သည့်အတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၄/ ၂၇/ ၃၂ တို့ဖြင့် လည်း ကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၁၁၄၊ ၃၄၄/ ၁၁၄ တိုဖြင့် လည်းကောင်း အသီးသီး စွဲချက်တင်လိုက်သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဒေါ်တင်သူဇာပါ မိသားစုဝင် ၆ ဦးမှာ အိမ်အကူမိန်းကလေးငယ် နှစ်ဦးဖြစ်သည့် မစန်းကေခိုင်နှင့် မသဇင်တို့အား လွန်ခဲ့သည့် ၅ နှစ်ခန့်မှစပြီး အိမ်အကူဖြင့်ခိုင်းစေခဲ့ရာ တစ်လတစ်သောင်းနှုန်း ဖြင့် လစာ ၈ လစာသာပေးခြင်း၊ မိဘများနှင့် တွေ့ဆုံခွင့်မပေးဘဲ ခြိမ်းခြောက်ဟန့်တားခြင်း၊ အပြင်းအထန်ဒဏ် ရာ ရရှိအောင် သစ်သားတုတ်ဖြင့် ရိုက်ခြင်း၊ ရေနွေးပူဖြင့်လောင်းခြင်း၊ ဓားဖြင့်ခုတ်ခြင်း၊ ကတ်ကြေးဖြင့် ထိုးခြင်း၊ လက်များအား လှန်ချိုးခြင်း၊ တံမြက်စည်းဖြင့် ရိုက်ခြင်း စသည့်ဖြင့် ပြုလုပ်ခဲ့သဖြင့် ခရိုင်တရားသူကြီးက ယင်း အမှုများကို စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာပါ ၆ ဦးမှာ ပြစ်မှုများကို မကျူးလွန်ကြောင်း တရားရုံးတွင် ပြန်လည် ထွက်ဆိုခဲ့သဖြင့် အဆိုပါအမှုနှင့် ပတ်သက်၍ ဇွန်လ ၈ ရက်နေ့ ရုံးချိန်းမှစကာ ဇူလိုင်လ ၆ ရက်နေ့ ရုံးချိန်းထိ ပြန်ခေါ်သက်သေများစစ်ဆေးခဲ့ပြီး ဇူလိုင်လ ၁၃ ရက် ရုံးချိန်းမှစတင်ကာ စွပ်စွဲခံရသူ ဒေါ်တင်သူဇာအပါအဝင် ၆ ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုနှင့်ပတ်သက်ပြီး လာမည့် သြဂုတ် ၁ ရက်နေ့ကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ ထပ်မံချိန်းဆိုလိုက်ပြီး ထိုရုံးချိန်းတွင်လည်း စွပ်စွဲခံရသူ အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်များကို ဆက်လက် စစ်ဆေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly