အထူးကုဆရာဝန်ကြီး ဒေါ်ဝင်းဝင်းမြင့် ၏ တိုက်ရိုက်ဖြေကြားမှုများ

အထူးကုဆရာဝန်ကြီး ဒေါ်ဝင်းဝင်းမြင့် ၏ တိုက်ရိုက်ဖြေကြားမှုများ

ကင်ဆာဝေဒနာရှင်များနှင့် ကိုယ်အလေးချိန်လျော့ချလိုသူများအတွက် အထူးကုဆရာဝန်ကြီး ဒေါ်ဝင်းဝင်းမြင့် ၏ တိုက်ရိုက်ဖြေကြားမှုများကို ပြန်လည်ထုတ်လွှင့်ခြင်း ဖြစ်ပါသည်။

မဇ္ဈိမ - နောက်ထပ် မေးခွန်းတစ်ခုအနေနဲ့ ကင်ဆာရောဂါဝေဒနာရှင်တွေ အနေနဲ့ သူတို့ ဘယ်လိုပြုမှုနေထိုင်သင့်တယ်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေဟာ ဘယ်အစားအစာတွေ ဖြစ်တယ်ဆိုတာ ဆရာမကြီး ပြောပေးပါဦး။

Prof: WWM - ကင်ဆာရောဂါက ကျွန်မတို့ ပြောရမယ်ဆိုရင် ကင်ဆာတွေဟာ မဖြစ်ခင် ကာကွယ်ထားရင်တော့ ကောင်းတာပေါ့နော်။ ဥပမာဆိုရင် မဖြစ်ခင်မှာ အချိုလျော့စားတာတို့ အသားလျော့စားတာတို့ လေ့ကျင့်ခန်းများများလုပ်တာတို့ အသီးအရွက်များများစားတာတို့ ဒါက တစ်ပိုင်းပေါ့နော်။ အကယ်၍များ ကင်ဆာရောဂါဖြစ်သွားပြီဆိုရင်တော့ အဓိက နံပါတ်တစ် အရေးကြီးဆုံးက အာဟာရပြည့်ဝဖို့ အရမ်းအရေးကြီးပါတယ်။ ပြီးတော့ နောက်တစ်ခုက ကင်ဆာရောဂါဖြစ်ပြီဆိုတာနဲ့ First Cycle နှင့် Second Cycle ပေါ့နော်။ ကီမိုသွင်းတယ်ပေါ့။ First Cycle တော့ ခံနိုင်သေးတယ်။ Second Cycle ပြီးရော လူတွေက များသောအားဖြင့်ဆိုလို့ ရှိရင် ဆေးဒဏ်တွေကြောင့် နည်းနည်းပင်ပန်းလာပြီပေါ့နော်။ အဲချိန်မှာ ရောဂါကြောင့် အစားတွေ မစားချင်ဘူး ဖြစ်တယ်။ ဒါပေမယ့် အဲ့ဒီအချိန်ဟာ အရမ်းလိုတဲ့ အချိန်ပေါ့နော်။ အဲတော့ သာမန်လူတွေမှာတုန်းက ကယ်လိုရီဟာ ၁၈၀၀၊ ၁၅၀၀ လောက်ပဲ လိုတယ်။ ဒါပေမယ့် ကင်ဆာရောဂါဖြစ်နေတဲ့ အချိန်မှာ ကျွန်မတို့ ၃၀၀၀ ထိလိုပါတယ်။ အဲတော့ ၃၀၀၀ ထိလိုမယ်လို့ ပြောတဲ့ အခါကျတော့ ခါတိုင်းစားတာထက် နှစ်ဆ စားရမယ်။ ဒါပေမယ့် နှစ်ဆ စားရမယ်လို့ ပြောပေမယ့်လည်း သူက တကယ်တမ်းစားတဲ့အခါ အဲဒီထက် လေးပုံ၊ တစ်ပုံလောက်ပဲ စားဖြစ်တယ်။ အဲဒီမှာ ကယ်လိုရီတွေက အများကြီး လိုအပ်ပြီး လူက အရမ်းပိန်သွားတာ ဖြစ်သွားတယ်။ အဲလိုမျိုး အချိန်မှာ ကျွန်မက ပြောချင်တာက အသားစားရပါမယ်။ အဲတော့ ကြက်သားနှင့် ငါးကို အဓိက စားရမယ်။ တစ်ယောက်ကို ဘယ်လောက်ထိ စားရမယ်ဆိုတော့ ၂၀ သားထိ စားရမယ်။ ဒါပေမယ့် မစားနိုင်တာ များတယ်ပေါ့နော်။ အသားကို ၂၀ သား စားပေးပါ။ ပြီးတဲ့အခါ ထမင်းကို သူစားနိုင်သလောက် စားပေးမယ်။ အဲဒီမှာ တစ်ချို့သော သူတွေရဲ့ အမှားပေါ့နော်။ အဲဒါ ဘာလဲဆိုရင် သူက သကြား မစားခိုင်းတော့ဘူး။ သူတို့က ကင်ဆာရောဂါ ဖြစ်ရင် သကြားနဲ့ မတည့်ဘူးလို့ ပြောကြတယ်။ ဒါပေမယ့် ကျွန်မတို့ ဆိုလိုတာ မတည့်ဘူးဆိုတာ ဟိုရှေးတုန်းက ပြီးသွားပြီ။ ပြီးသွားပြီဆိုတဲ့ အချိန်မှာ အခုဖြစ်နေတဲ့ အခါမှာ ကျွန်မတို့က အာဟာရပြည့်ဝဖို့ပဲ လိုတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့က ဥပမာ သကြားတွေကို ရေနဲ့ ဖျော်သောက်တာမျိုး မဟုတ်ဘူးပေါ့။ ဥပမာ နွားနို့သောက်တဲ့ အခါမှာ သကြားလေး ထည့်သောက်တာမျိုးပေါ့။ ပူတင်းစားတဲ့ အခါမှာလည်း သကြားနဲနဲလေး ထည့်စားတာမျိုးပေါ့။ အဲတာမျိုး စားမယ်ဆိုရင် ကျွန်မတို့ ရပါတယ်။ အဲဒါကြောင့် အဲဒီ အမှားလေးတွေကိုလည်း နည်းနည်းလေး ဂရုစိုက်ပေးပါပေါ့နော်။ လုံးဝကြီး အချိုမပါဘဲ ကျွေးတော့ နဂိုကမှ ကင်ဆာ သမားက မစားနိုင်ပါဘူးဆိုမှ အပြယ်လေး သွားကျွေးတော့ ပိုဆိုးသွားမှာပေါ့။ အဲဒါကြောင့် အဲအချိန်မှာ ထည့်ပေးပါ။ အာဟာရပြည့်အောင်လည်း စားပါ။ အဓိက ကတော့ အသားကို ၂၀ သား ကျွေးပါတယ်။ ကြက်ဥပဲ စားမယ်ဆိုရင် တစ်ရက်ကို ကျွန်မတို့က ၄လုံးကနေ ၆လုံးထိ ကျွေးပါတယ်။ ကြက်ဥကို အများကြီး ကျွေးတာပေါ့နော်။ နောက်ပြီးတော နို့လည်း သောက်လို့ ရပါတယ်။ အဲလိုသောက်ပါ။ သီးနှံတွေလည်း သောက်လို့ ရပါတယ်။ အသီးအနှံတို့ နောက်ပြီးတော့ အသီးအရွက်တွေ စားလို့ ရပါတယ်။

မဇ္ဈိမ - ဆရာမကြီး အသားစားတာက ၂၀ သားဆိုတော့ တစ်ရက်ကိုလား။ တစ်နေ့ကိုလား။

Prof: WWM - တစ်ရက်ကိုပါ။ မနက် ၁၀သား ည ၁၀သားပေါ့။ ဒါပေမယ့် တကယ်တမ်း လက်တွေ့ကျတော့ တော်ရုံတန်ရုံလူ မစားနိုင်ကြဘူး။

မဇ္ဈိမ - ကင်ဆာရောဂါ ဖြစ်တဲ့ အပေါ်မှာ မူတည်ပြီးတော့ အစားအစာက ပြောင်းလဲသွားတာမျိုး ရှိလား။

Prof: WWM - ပြောင်းလဲသွားတာ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့သော အစားအသောက်တွေမှာ ဆိုရင် ဥပမာ ကျောက်ကပ်မှာ ဖြစ်တာလား။ အသည်းမှာ ဖြစ်တာလား။ ရင်သားမှာ ဖြစ်တာလား။ အဲလိုမျိုး စားတဲ့ အစာမှာ တော့ ကွဲပြားမူ ရှိပါတယ်။ ဒါပေမယ့် ကယ်လိုရီကတော့ များသောအားဖြင့် ကင်ဆာဖြစ်ပြီ ဆိုရင် ၃၀၀၀ လောက်တော့ အနည်းဆုံး စားရပါတယ်။ တစ်ချို့ကျတော့ လျှာကင်ဆာ ဖြစ်တယ်ဆိုရင် ဘယ်လိုမှ မစားနိုင်ဘူး။ အဲလိုကျရင် ကျွန်မတို့ နှာခေါင်းပိုက် တပ်ရပါတယ်။ Tube Feeding နဲ့ သွားတာပေါ့။ အခုခေတ်မှာတော့ အစားအသောက်ကို ကိုယ်တိုင်စားတယ်။ ပါးစပ်ကိုယ်တိုင် စားတယ်ပေါ့နော်။ ကိုယ်တိုင်စားလို့မှ မရဘူးဆိုရင် ကျွန်မတို့ နှာခေါင်းပိုက် တပ်လိုက်တယ်။ တစ်ချို့ကြတော့ ဥပမာ အစာအိမ်ကင်ဆာတို့ဆိုရင် ကျွန်မတို့က ထည့်လို့ မရပြန်ဘူး။ အဲလို မရပြန်တဲ့အခါ ကျွန်မတို့ လက်ထဲကနေ သွင်းတယ်ပေါ့နော်။ အခု လက်ထဲကနေမှ DPN တို့လိုပေါ့။ total Parenteral Nutrition တွေက များကြီး ထွက်လာပြီ။ အဲဒါတွေနဲ့ လက်ထဲကနေ သွင်းပြီးတော့ အဟာရတွေ အများကြီး ပေးရပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ မဇ္စျိမ ပရိသတ်များကိုလည်း မေးခွန်းတွေ မေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျ။ ဆရာမကြီး နောက်ထပ်တစ်ခုက ကျွန်တော်တို့ ဒီဘက်ခေတ်တွေမှာဆိုရင် အဝလွန်ရောဂါပေါ့နော်။ ဝတာ အရမ်းဝပြီးတော့ ဝိတ်ချချင်တာမျိုးပေ့ါနော်။ ဒီ အဝလွန်ရောဂါ ဘာကြောင့် ဖြစ်သလဲ။ အစားအသောက် အနေအထိုင်အပေါ်မှာကော မူတည်လား။ ဘယ်လိုအစားစာတွေ စားသုံးသင့်သလဲ။

Prof: WWM - ဟုတ်ကဲ့ အဝလွန်ကတော့ အခုနောက်ပိုင်းမှာဆို ဖြစ်လာကြပြီပေါ့နော်။ အထူးသဖြင့် အသက်လေးဆယ်ကျော်လောက် အရွယ်မှာဆို စလာကြတာပေါ့နော်။ အဲတော့ ကိုယ့်ရဲ့ ဝိတ်ကတော့ အရင်တုန်းကဆို BMI နဲ့ တိုင်းတယ်ပေါ့။ BMI က ၂၅ ရှိမယ်ဆိုရင် ဒါက ပုံမှန်ပေါ့။ ၂၅ ထက် ကျော်သွားတယ် ဆိုရင်တော့ overweight ပေါ့။ overweight ကနေမှ obesity ပေါ့နော်။ obesity လို့ ကျွန်မတို့ ပြောလိုက်တဲ့ အချိန်မှာ ဆိုရင်တော့ အားလုံးက ရောဂါလို့ သတ်မှတ်လိုက်ကြတယ်ပေါ့နော်။ သတ်မှတ်လိုက်တော့ အခုနောက်ပိုင်းမှာဆိုလို့ ရှိရင် ပေါင် ၂၀၀ ရဲ့ အထက်ကိုပေါ့နော်။ ပေါင် ၂၀၀ အထက်တွေမှာ ဘယ်အရွယ်မှာပဲ ရှိရှိပေါ့။ ဒါမျိုးဆိုရင်တော့ ဒါ ရောဂါဖြစ်လာပြီလို့ ကျွန်မတို့က ပြောလို့ ရတယ်ပေါ့နော်။ အဲဒီအပြင်ကိုပဲ အများကြီး ဝလာပြီ ဆိုကတည်းက သူရဲ့ နောက်ဆက်တွဲတွေက သိပ်များတာပဲ။ နံပါတစ်အချက်ကတော့ ကျွန်မတို့ ဆီးချိုရောဂါပေါ့နော်။ ဆီချိုနှင့် အဝလွန်ကလည်း အမြဲတမ်း ဆက်စပ်ပါတယ်။ ပြီးတဲ့အခါကျတော့ နှလုံးရောဂါတွေဖြစ်လာမယ်။ ကင်ဆာရောဂါတွေ ဖြစ်လာမယ် အမျိုးသမီးတွေမှာဆိုရင် အနည်းဆုံး ဂေါ်စတုန်းလို့ ခေါ်တဲ့ ကျောက်ပေါ့နော်။ ဒီ သည်းခြေထဲမှာ ရှိတဲ့ကျောက်ပေါ့။ ကျောက်တွေဟာဆိုရင် အဝလွန်ရောဂါတွေနဲ့ ဆက်စပ်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ သူတို့တွေ အားလုံးဟာဆိုရင် ဝိတ်ချရမယ်ပေါ့နော်။ အဲတော့ ဝိတ်ချတဲ့အခါမှာ နံပါတ်တစ်က  Physical Activity လို့ ခေါ်တဲ့ လှုပ်ရှားမှု ရှိကို ရှိရမယ်။ အဲတာ့ လှုပ်ရှားမှု မရှိဘဲနဲ့တော့ အစားအသောက် တစ်ခုတည်းနဲ့တော့ လုံးဝ ပိန်မသွားဘူပေါ့နော်။ အဲတော့ လှုပ်ရှားမှု ရှိတယ်ဆိုတာ ကျွန်မ ပြောသလိုပါပဲ ။ အနည်းဆုံး တစ်ရက်ကိုတော့ နာရီဝက် ၊ တစ်နာရီ လမ်းလျှောက်ပေးရမယ်။ မနက်ညဆိုရင် နာရီဝက်လောက် လျှောက်မယ်။ နောက်ပြီးတော့ အစာအစားပြီးတိုင်း မနက်စာစားပြီး ဆယ်မိနစ်လောက် လျှောက်မယ်။ နေ့လည်စာ စားပြီး ဆယ်မိနစ်လျှောက်မယ်။ ညစာ စားပြီး ဆယ်မိနစ်လျှောက်မယ်။ ဒါဆိုရင် နာရီဝက် ရမယ်။ နောက် မနက်ည လျှောက်တာ နာရီဝက်ဆိုတော့ အနည်းဆုံး တစ်နာရီပေါ့နော်။ အဲလို နေထိုင်သင့်တယ်။ နောက်ပြီးတော့မှ ရေသောက်ပေးပါလို့ ကျွန်မ ပြောချင်ပါတယ်။ ဝိတ်ချမယ့် သူတွေက ဥပမာဆိုရင် မနက် ၆နာရီကနေ နေ့လည် ၁၂ နာရီလောက်ထိ အနည်းဆုံး တစ်လီတာ သောက်မယ်။ နေ့လည်း ၁၂နာရီကနေ ညနေ ၆ နာရီထိ အနည်းဆုံး ၁ လီတာ သောက်မယ်။ တစ်ရက်ကို အနည်းဆုံး ရေက ၂ လီတာ သောက်မယ်။ နောက်ပြီးတော့ အစားအသောက်ကိုလည်း ဒီလိုပါပဲ။ ကျွန်မတို့က ကယ်လိုရီနဲ့ တွက်ပြီး စားမယ်ဆိုရင် ပိုအဆင်ပြေတာပေါ့နော်။ ဥပမာဆိုရင် လူတစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့နော်။ ကျွန်မတို့လို့ ထိုင်ပဲ ထိုင်နေတဲ့ သူတွေဆိုရင်တော့ ကယ်လိုရီဟာ သိပ်ပြီးတော့ မလိုအပ်ဘူးပေါ့။ အရမ်းကြီး လှုပ်ရှားသွားလာတဲ့ သူတွေတော့ လိုအပ်တယ်။ များသောအားဖြင့်တော့ ကယ်လိုရီက ကျွန်မရဲ့ အတွေ့အကြံုအရဆိုရင် ၁၂၀၀ ကနေ ၁၆၀၀ ထိ ဘယ်သူမှ မပိုပါဘူး။ ဒီ ဝိတ်ချမယ့်သူကို ကြည့်လိုက်ရင်ပေါ့နော်။ သူတို့တွေကလည်း များသောအားဖြင့် ထိုင်တဲ့ ပုံစံတွေပဲ ဖြစ်နေကြတာများတော့ အဲတော့ အနည်းဆုံးက ၁၂၀၀ စားမယ်။ နောက်ပြီးတော့ အများဆုံး ၁၆၀၀ စားမယ်ပေါ့နော်။ အဲတော့ ကျွန်မတို့တွေက ဒီကယ်လိုရီကို တွက်ထားပြီးတဲ့ အခါမှာလည်း ၁၄၀၀၊ ၁၆၀၀ အဲလောက်ထိပဲ စားသင့်တယ်ပေါ့။ အဲတော့ ဝိတ်ချမယ့် သူတွေမှာလည်း ကျွန်မတို့ ၆ကြိမ် စားလို့ ရပါတယ်။ အဲတော့ မနက်အစောကြီးရယ်။ ၁၀ နာရီလောက် တစ်ခါစားမယ်။ ၁၂ နာရီလောက် တစ်ခါစားမယ်။ ညနေ ၃နာရီလောက် တစ်ခါစားမယ်။ ညနေ ၆နာရီလောက် တစ်ခါစားမယ်။ အဲတော့ ဝိတ်ချချင်တယ်ဆိုလို့ ရှိရင်တော့ ညနေ ၆နာရီနောက်ပိုင်းကတော့ လုံးဝ မစားသင့်တော့ဘူးပေါ့။ တစ်ချို့ကျတော့ အခုနောက်ပိုင်းက ဘာလဲဆိုတော့ အလုပ်တွေကများ ကားလည်းပိတ်တော့ ၈နာရီလောက်မှ အိမ်ရောက်တယ်။ ၈နာရီလောက်မှ စားဖြစ်တာလေ။ အဲတာတွေကလည်း ဝဖို့ တစ်ခုတည်းမှာ ပါသွားတာပေါ့နော်။ အဲတော့ ကျွန်မတို့တွေက မနက်စာဆိုရင်လည်း ဒီလိုပဲ ပေါင်မုန့်တစ်ချပ်နဲ့ ကော်ဖီတစ်ခွက် သောက်တာပဲ ဖြစ်ဖြစ် မုန့်ဟင်းခါးလေး တစ်ပွဲ စားတာပဲ ဖြစ်ဖြစ် စားမယ်။ နောက် ၁၀ နာရီလောက်ကျ အသီးလေး စားမယ်။ နေ့လည်းကျရင်လည်း အဲလိုပဲ။ ဟင်းချိုရေကို အရင်သောက်ခိုင်းတယ်။ ဝိတ်ချတော့မယ်ဆိုရင် ဟင်းချိုရေကို နှစ်ခွက် သုံးခွက် သောက်လိုက်မယ်။ သောက်လိုက်ပြီးတဲ့ အခါကျရင် နောက်ပြီးတဲ့အခါ အသီးအရွက်ကြော်တွေ များများစားမယ်။ နောက် အရွက်သုပ်တွေ တစ်ခွက်စားမယ်။ အသားကိုတော့ နှစ်တုံးပဲ စားပါလို့။ ထမင်းကိုလည်း ပန်းကန်လုံး တစ်လုံးပဲ။ တရုတ် ပန်းကန်လုံးလေး တစ်လုံးပေါ့နော်။ Zebra ဇွန်းနဲ့ တွက်မယ်ဆိုရင်တော့ ၅ ဇွန်းပေါ့နော်။ အဲလိုစားမယ်။ ၃နာရီလောက်ကျရင်တော့ ကျွန်မတို့ ဒိန်ချဉ်သောက်ရင်တော့ များသောအားဖြင့် ဝိတ်ချတာ အရမ်းအဆင်ပြေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အစာခံသွားတာကိုး။ ဝိတ်ချချင်ရင်တော့ ဒိန်ချဉ်သောက်လို့ရတယ်။ နောက် ပဲနို့တို့ သောက်လို့ ရတယ်။ ညပိုင်းမှာတော့ ဖြစ်နိုင်တော့ မစားဘူးပေါ့နော်။ အသီးလေးတွေပဲ စားမယ်။ ဟင်းချိုလေးတွေပဲ သောက်မယ်ဆိုရင် ကယ်လိုရီက အများကြီး ကျသွားမှာပါ။ အဲလိုမျိုးလေး လုပ်သွားမယ်ဆိုရင် သုံးလ ခြောက်လပေါ့။ တစ်ချို့ အစ်မဆီမှာ လုပ်ပါတယ်။ ကျွန်မဆီမှာ လုပ်တဲ့သူ တစ်နှစ်ထိ လုပ်တယ်။ အဲလိုမျိုးဆို တော်တော်လေး ကျသွားတာပေါ့။ ဇွဲတော့ ရှိရမယ်။ ဥံုဖွဆိုပြီး မရဘူး။

မဇ္ဈိမ - ကျေးဇူးတင်ပါတယ်။ အဲတော့ ဝိတ်ချတဲ့သူတွေရဲ့ အလေ့အထကို ကာတွန်းတွေ ကြည့်လိုက်မယ်ဆိုရင် ကျွန်တော် မနေ့ကပဲ ဖေ့ဘုတ်မှာ တွေ့လိုက်ပါတယ်။ သူက ဝိတ်တော့ချတယ် ဒါပေမယ့် ထမင်းမစားဘူးပေါ့နော်။ ဒါပေမယ့် အခုနက အာလူးကြော်စားတာ အခြားသရေစာ အကုန်လုံးစားပြီးတော့မှ ဒါဟာ ဝိတ်ချတယ်လို့ ပြောတယ်။ အဲအလေ့အထကို ဆရာမကြီး ပြောပါဦး။

Prof: WWM - အဲလိုတော့ မရဘူးပေါ့နော်။ အထူးသဖြင့်တော့ အချိုရည်တွေပေါ့နော်။ အချိုရည်ကလည်း တစ်ခွက်သောက်လိုက်မယ်ဆိုရင် သကြားဇွန်း ၂၀ စားတာနဲ့ အတူတူလောက်ပဲလေ။ အဲဒါကြောင့်မို့လို့ အချိုရည်ဆို ကျွန်မတို့ ရှောင်ရပါတယ်။ နံပါတ်တစ် ဘာရှောင်ရမလဲဆိုရင် ထမင်းကြော် လုံးဝ စားလို့ မရပါဘူး။ ခေါက်ဆွဲကြော် စားလို့ မရပါဘူး။ ပြီးတဲ့အခါ ကြာဇံကြော်တွေ စားလို့ မရပါဘူး။ အဲဒီအစားဆို ကျွန်မတို့က အပြုတ်တွေကို ရွေးစားမယ်ပေါ့။ ကျွန်မတို့က ဝိတ်ချတဲ့သူတွေမှာ ဘာအရေးကြီးလဲဆိုရင် အစားကို ရွေးချယ် စားတတ်ဖို့ လိုပါတယ်။ သူကလေ ဘယ်အစားအသောက်ကို စားရမလဲပေါ့။ ဝိတ်ချမယ်ဆိုတိုင်း ထမင်းလျော့စားဆို ထမင်းတော့ လျော့ပါတယ်။ အစောက ပြောသလို အားလူးကြော်ချည်းပဲ ထိုင်စားနေမယ်ဆိုရင် ကျမှာ မဟုတ်ဘူး။ အသားတွေ အများကြီး စားနေရင်လည်း ကျမှာ မဟုတ်ဘူး။ အဓိကကတော့ အဆီအနှစ်တွေ ချရမယ်။ အာလူးကြော် ရှောင်ရမယ်။ အာလူးဆိုရင်လည်း ပြုတ်စားမယ်ဆိုရင် ရတာပဲ။ သူက ကြော်မှသာလျှင် အဆီများသွားတာပေါ့။ ကြက်ဥစားမယ်ဆိုရင်လည်း ကြက်ဥပြုတ်စားတာနဲ့ ကြက်ဥကြော်စားတာ ကယ်လိုရီခြင်း မတူဘူးလေ။ ကြက်ဥပြုတ်စားမယ်ဆိုရင် ကယ်လိုရီ ၆၀ ရပေမယ့် ကြက်ဥကြော်စားမယ်ဆိုရင် ကယ်လိုရီက ၁၂၀ တက်သွားတယ်။ အာလူးဆိုရင်လည်း အဲလိုပဲပေါ့။ အာလူးပြုတ်တစ်လုံးကို ၅၀ ရမယ် ကြော်စားလိုက်တာနဲ့ ၁၀၀ ဂရမ်ဆိုရင် ၃၀၀ ကယ်လိုရီလောက် ဖြစ်သွားမယ်ပေါ့။ အဲလိုမျိုးဆိုတော့ ကယ်လိုရီများတဲ့ဟာတွေဟာ ဘာတွေလည်းဆိုတာ အရင်ဆုံး သိရမယ်။ ပြီးတဲ့အခါ ငါဘာတွေကို ရွေးချယ်ပြီးတော့ စားရမယ်ဆိုတာ အဲဒါ အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကယ်လိုရီမှာ တစ်ယောက်ကို ၅၀၀ Deficit ဖြစ်ရမယ်။ ဥပမာဆိုရင် ကျွန်မတို့တွေက နေ့တိုင်း ကယ်လိုရီ ၁၂၀၀ နဲ့ အလုပ်လုပ်တယ်ထား ။ ကိုမျိုးတို့က ၁၆၀၀ နဲ့ အလုပ် လုပ်တယ်ထား အဲဒီမှာ ကိုယ်လုပ်တဲ့ ကယ်လိုရီနဲ့ ကိုယ်စားလိုက်တာနဲ့  ကယ်လိုရီက  Burn ဖြစ်နေရင် ဝိတ်က အတူတူပဲ ဖြစ်နေမှာပဲ။ ကိုယ်က ကယ်လိုရီ လောင်ကျွမ်းနိုင်တာက ၁၂၀၀ ပဲ ရှိတယ်။ ကိုယ်က အမြဲတမ်း ၁၇၀၀ လောက် စားနေမယ်ဆိုရင် ၅၀၀ တက်နေလိမ့်မယ်။ အဲ ၅၀၀ က ၃၀၀၀ ပြည့်သွားတာနဲ့ တစ်ပေါင် တက်နေပြီ။ ၃၀၀၀ လျှော့သွားတာနဲ့ တစ်ပေါင် ကျပြီ။ အဲတော့ ဒီကယ်လိုရီပေါ်မှာ အများကြီး စကားပြောတာပေါ့နော်။ အဲတော့ ကယ်လိုရီဟာ တစ်ရက်ကို ၅၀၀ လောက်တော့ Deficit ရှိနေရမယ်ပေါ့။ အဲတော့ ကျွန်မတို့ အစားအသောက်ထဲက ၃၀၀ လောက် လျှော့လိုက်မယ်။ လေ့ကျင့်ခန်း လုပ်တာထဲက ၂၀၀ လောက် လျှော့လိုက်မယ်ဆိုရင် ဒါဆိုရင် ၁၀ ရက်ပြည့်မယ်ဆိုရင် ၃၀၀ ဆိုတော့ ၁၀ ရက်ဆို ၃၀၀၀ ပေါ့။ အဲဒါဆိုရင် တစ်ပေါင်ကျမယ်။ အဲလိုမျိုးလေး လုပ်ရမယ်။ ကျွန်မတို့ ရှောင်ခိုင်းတာ ဟင်းအနှစ်တွေ ရှောင်ရမယ်။ အာလူးကြော်တွေ ရှောင်ရမယ်။ နောက်ပြီးတော့ အချိုရည်တွေ ရှောင်မယ်။ အာလူးကြော်တွေ ရှောင်မယ်။ နောက်အခုပေါ်တဲ့ ဘာဂါတို့ ပီဇာတို့ အဲဒါတွေ အများကြီး လျှော့မယ်။

မဇ္ဈိမ - ကျေးဇူးတင်ပါတယ်။ မဇ္စျိမ ပရိသတ်များလည်း မေးခွန်း မေးမြန်းနိုင်ပါတယ်။ ဒီမှာ တစ်ယောက်ကတော့ မေးထားပါတယ်။ ကျွန်တော် နာမည်တော့ မခေါ်တော့ပါဘူး ခင်ဗျ။ ကျွန်မ အသက်က ၂၆ နှစ်ပါ။ ၂၅နှစ်က စပြီးတော့ တစ်ဖြည်းဖြည်း ပိန်လာပါတယ်။ တွေ့တဲ့သူတိုင်းက ပိန်သွားတယ်လို့ ပြောတယ်တဲ့။ ဆိုတော့ ရောဂါလည်း ထွေထွေထူးထူး မရှိဘူးပေါ့။ အဲဒါ ဘယ်လို လုပ်သင့်ပါသလဲ။ ဘာအစားအစာ စားသင့်ပါသလဲ။ လမ်းညွှန်ပေးစေချင်ပါတယ်တဲ့။ ပြီးတော့ Medical check-up လုပ်ဖို့ လိုလားလို့ မေးထားပါတယ်။

Prof: WWM - အဲဒါတော့ အရေးအကြီးဆုံးကတော့ Medical check-up ပါ။ လူတစ်ယောက်ဟာ အလကားနေရင်းနဲ့ ပိန်လို့ မရဘူပေါ့နော်။ ပိန်လို့ မရဘူးဆိုရင် သွိုင်းရွိုက်ပေါ့နော်။ ဥပမာ သူရဲ့ သွိုင်းရွိုက်ကပဲ ကြီးနေသလား သေးနေသလားပေါ့။ အဲတော့ သွိုင်းရွိုက်ဟော်မုန်းလေးကိုလည်း အရင် စစ်စေချင်ပါတယ်လို့ နောက် ကျန်တဲ့ဟာတော့ Medical check-up တစ်ခုတော့ လုပ်လိုက်ပါလို့။ လုပ်လိုက်ပြီးပြီဆိုရင် ရောဂါမရှိဘူးဆိုရင်တော့ ဝိတ်တက်ဖို့တော့ လွယ်ပါတယ်လို့ ။ ဥပမာဆိုရင် အသားကို တစ်နေ့ ၂၀ သား စားမယ်။ ကြက်ဥ တစ်ရက်ကို ၄လုံး စားမယ်။ နောက်ပြီးတော့ နို့ တစ်ရက်ကို ၂ခွက် သောက်မယ်ဆိုရင် မဝ စရာအကြောင်း မရှိပါဘူးလို့ အဲလိုပဲ ဖြေပေးလိုက်ပါတယ်။

မဇ္ဈိမ - နောက်တစ်ယောက်က ဒီမှာ မေးလာတာ နှလုံးရောဂါသည်တွေက ဘယ်လို အစားစာ စားဖို့လိုလဲလို့ မေးထားပါတယ်။

Prof: WWM - နှလုံးရောဂါသည်တွေက ဥပမာဆိုရင် သူတို့က အဓိက ရှောင်ရမယ့် မစားစာကတော့ အဆီများတဲ့ အစားစားပါပဲ။ ဥပမာဆိုရင် အာလူးကြော်လိုမျိုး၊ ကြက်ဥ၊ ဘဲဥ အနှစ်တို့လိုမျိုး နောက်ပြီးတော့ ထောပတ်ထမင်းတို့ ၊ ဒန်ပေါက်တို့ အဲဒါတွေကိုတော့ မစားပါနဲ့။ အဓိက စားရမှာတော့ အသီးအရွက် များများစားပေးပါလို့။ အသီးအရွက်တွေ စားလို့ရတယ်။ နောက်ပြီးတော့ အသီးအနှံတွေပေါ့နော်။ နောက်ပြီးတော့ ကြွက်နားရွက်မှို စားလို့ရတယ်။ ကြွက်နားရွက်မှိုလေးတွေက မကြာခဏ စားပေးမယ်ဆိုရင် နှလုံးအတွက် ကောင်းတယ်ပေါ့နော်။ နောက်ပြီးတော့မှ လမ်းမှန်မှန်လျှောက်ပေးပါလို့ အဲဒါက နှလုံးရောဂါဖြစ်သူ အတွက်ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly