လျှပ်စစ်စီးနေသော ကျောက်စည်ထဲမှ ရေချိုးမိသည့် ကလေးငယ်တစ်ဦး ဓါတ်လိုက်သေဆုံး

လျှပ်စစ်စီးနေသော ကျောက်စည်ထဲမှ ရေချိုးမိသည့် ကလေးငယ်တစ်ဦး ဓါတ်လိုက်သေဆုံး

ပြည်၊ ဇူလိုင်လ ၂၇ ။            ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ဇူလိုင်လ ၂၆ ရက်က လျှပ်စစ်ဓါတ်အားစီးဝင်နေသော ကျောက်စည်ထဲမှ ရေကို ချိုးမိသည့်အတွက် အသက် ၁၂ နှစ်အရွယ် ငါးတန်းကျောင်းသား ကလေးငယ်တစ်ဦး ဓါတ်လိုက် သေဆုံးခဲ့ကြောင်း ပြည်မြို မြို့မရဲစခန်းမှ သိရသည်။

ထိုနေ့ညနေ ၆ နာရီ ခန့်က ပြည်မြို့၊ ရွာဘဲရပ်ကွက် ပွင့်လှသိမ်ကုန်း အနောက်ရပ် ဦးသက်လွင်ဦး ၏ နေအိမ်၌ သားဖြစ်သူ  ဥက္ကာဦးသည် ကျောင်းဆင်းပြီး အိမ်ပြန်ရောက်ချိန်တွင်   နေအိမ်ရှေ့အဖီ အောက်ရှိ ကျောက်စည်ထဲမှ ရေခပ်ချိုးရာမှ ဓါတ်လိုက်သေဆုံးမှုဖြစ်ခဲ့သည်။

ဦးသက်လွင်ဦး၏ နေအိမ်  တောင်ဘက်ခြမ်း၌ ကပ်လျှက် ဆောက်လုပ်ထားသော ယောက္ခမဖြစ်သူ ဒေါ်စန်းနေအိမ်သို့ လမ်းဘေးဓါတ်တိုင်မှ သွယ်တန်းထားသည့် လျှပ်စစ်ဓါတ်ကြိုးမှ အဆင့်ဆင့် လျှပ်စစ်ဓါတ်အား စီးဆင်းကာ ကျောက်စည်အတွင်းသို့ ဓါတ်အားရောက်ရှိခဲ့ပြီး ဓါတ်လိုက်ရခြင်းဖြစ်သည်။

ဒေါ်စန်းနေအိမ်သို့ ဓါတ်တိုင်မှ သွယ်တန်းထားသည့် လျှပ်စစ်ဓါတ်ကြိုးမှာ ပေါက်ထွက်ခဲ့ပြီး ၄င်းအားပူးတွဲချည်နှောင်ထားသည့် သွပ်နန်းကြိုးအား လျှပ်စစ်ဓါတ်အားစီးဝင်ခဲ့သည်။ ယင်းသွပ်ကြိုးသည် ဒေါ်စန်းနေအိမ်ခေါင်မိုးအားထိမိပြီး လျှပ်စစ်ဓါတ်အား ကူးစက်ခဲ့သည်။

ထိုမှတဆင့် ခေါင်မိုးနှင့်ထိစပ်နေသော ဒေါ်စန်းနေအိမ်နှင့်ဦးသက်လွင်ဦး နေအိမ် နှစ်ခုကြား တွင် ကာရံထားသည့် သွပ်ပြားကို လျှပ်စစ်ဓါတ်ကူးခဲ့သည်။ ၄င်းသွပ်ပြားသည် ကျောက်စည်အတွင်း ထောင်ထားသော ရေသယောက်ကို ထိကာ ကျောက်စည်အတွင်းသို့ လျှပ်စစ်ဓါတ်အား စီးဝင်ခဲ့သည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

ဓါတ်လိုက်သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သတ်ပြီး  ပြည်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ် ၁၅/၂၀၁၇ ရေးဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly